October 20, 2024

၂၅. ၁၂. ၂၀၂၃

Written by Ye Kyaw

လယ် ၁၀ ဧကအထက် တောင်သူများအား ကာလတိုချေးငွေ တစ်ဧက ကျပ် ၄ သိန်းဖြင့် လယ်ဧက ၁ သိန်းအတွက် ကျပ်ဘီလျံ ၄၀ အထိ ထုတ်ချေးမည့်အစီအစဉ်ကို စိတ်ဝင်စားသူများပြားနေပြီး ၄ ရက်အတွင်း လျှောက်လွှာ လျှောက်ထားမှု ဧက ၅၀,၀၀၀ (ရာခိုင်နှုန်း ၅၀)အထိ ရှိနေပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထားသည်။

လယ်ယာမြေ ၁၀ ဧကအထက် ပိုင်ဆိုင်သည့် တောင်သူလယ်သမားကြီးများ၏ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာလတိုချေးငွေအဖြစ် တစ်ဧကလျှင် ကျပ် ၄၀၀,၀၀၀ ထုတ်ချေးပေးနိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် လိုင်စင်ရ ပုဂ္ဂလိကဘဏ်များ ညှိနှိုင်းပေါင်းစပ် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

အဆိုပါ အစီအစဉ်အရ စုစုပေါင်း လယ်ယာမြေဧက ၁၀၀,၀၀၀ အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ‌ချေးငွေလျှောက်ထားရန် ဒီဇင်ဘာ ၂၀ ရက်တွင် စတင်ခွင့်ပြုခဲ့ပြီး ချေးငွေများကို နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတို့ရှိ တောင်သူများကို ထုတ်ချေးပေးသွားမည်ဖြစ်ကာ လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းထုတ်ချေးနိုင်ရန် လျာထားလျက်ရှိကြောင်း သိရသည်။

ယခုကာလတိုချေးငွေ ကနဦးစီမံကိန်းအတွက် ကျပ်ဘီလျံ ၄၀ လျာထားပြီး ကုမ္ပဏီများနှင့် အကျိုးတူဆောင်ရွက်နေသူများနှင့် ကုမ္ပဏီများကို ထုတ်ချေးပေးမည်မဟုတ်ဘဲ လယ်ဧကအများကြီး လုပ်ကိုင်နေသည့် တောင်သူလယ်သမားများကို တိုက်ရိုက်ထုတ်ချေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *