October 19, 2024

၂၅.၁၂.၂၀၂၃

translated by Htwe Ko Tun

အစ္စရေးပိုင်ဆိုင်တဲ့ သင်္ဘောတွေနဲ့ အစ္စရေးတို့ ဦးတည်သွားလာနေတဲ့ကုန်သင်္ဘောတွေရဲ့လမ်းကြောင်းကို ကာကွယ်စောင့်ရှောက်ဖို့ ပင်လယ်နီအတွင်း အမေရိကန် ဦးဆောင်တဲ့ ပင်လယ်ရေကြောင်းစစ်ဆင်ရေးအထူးတပ်ဖွဲ့ကနေ ပြင်သစ်၊ စပိန်နဲ့အီတလီတို့ တရားဝင်နုတ်ထွက်သွားခဲ့ကြတာက အမေရိကန်အတွက်ကြီးမားလှတဲ့ အဓိကအနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့ဆိုရမှာပါ။

ဟူသီသူပုန်တို့က ဒီဇင်ဘာလဆန်းပိုင်းကစလို့ ပင်လယ်နီဒေသမှာ ပင်လယ်ကူးသင်္ဘောတွေကို တိုက်ခိုက်လာခြင်းအပေါ် တုံ့ပြန်ဖို့ အမေရိကန်က Operation Prosperity Guardian လို့ခေါ်တဲ့ စစ်ဘက်စစ်ဆင်ရေးတစ်ခုဦးဆောင်လုပ်ဆောင်ဖို့ စီမံခဲ့တာပါ။

အီရန်ကထောက်ခံတဲ့ ယီမင်ရဲ့သူပုန်အုပ်စုဖြစ်တဲ့ ဟူသီ အုပ်စုကတော့ အစ္စရေးရဲ့ ဂါဇာဒေသမှာတိုက်ခိုက်မှုတွေကိုတုံ့ပြန်ဖို့ ခုလိုတိုက်ခိုက်တာလို့ ဆိုခဲ့ကြပါတယ်။

ဒီအတွက် အမေရိကန်က ဦးဆောင်ပြီးနှိမ်နင်းဖို့ ကြိုးစားလာတဲ့စစ်ဆင်ရေးမှာ အခုအခါ အနောက်အုပ်စုရဲ့ဥရောပသုံးနိုင်ငံက မပါဝင်တော့ဘူးလို့ တရားဝင်ကြေညာခဲ့ကြတာပါ။ သူတို့အနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂ၊ နေတိုးနဲ့ ဥရောပသမဂ္ဂလိုအဖွဲ့တွေကခေါင်းဆောင်မှုအောက်မှာသာ ပါဝင်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း ကြေညာခဲ့ကြပါတယ်။ ဒါက အမေရိကန်ကို မဟာမိတ်ဖွဲ့ဖို့ ငြင်းဆိုသလိုဖြစ်ခဲ့တာပါပဲ။

အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ကတော့ သူ့ရဲ့ပင်လယ်နီဒေသ ရေကြောင်းသွားလာမှု လမ်းကြောင်းတွေ ကာကွယ်ဖို့စစ်ဆင်ရေးကို ဘယ်နိုင်ငံကမှအလေးအနက်ထားခြင်းမရှိဘူးလို့ ​ပြန်လည်သတိပေးပြော​ကြားခဲ့ပါတယ်။

ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ပင်လယ်နီဒေသမှာ လွတ်လပ်စွာရေကြောင်းသွားလာကုန်သွယ်မှုပြုရေးအတွက် ပြင်သစ်စစ်သင်္ဘောတွေက ဆောင်ရွက်ပေးနေပြီး ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်ပေးမှုအောက်မှာသာလုပ်ဆောင်နေတာလို့ ပြောခဲ့ပါတယ်။

ဒီလိုပဲ အီတလီကလည်း ပင်လယ်နီဒေသ ရှိ အီတလီစစ်သင်္ဘောတွေက အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းစစ်ဆင်ရေးအဖွဲ့အောက်ကမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။အလားတူ စပိန်ကာကွယ်ရေးဝန်ကြီးဌာနကလည်း အမေရိကန် ရဲ့ Operation Prosperity Guardian မှာ မပါဝင်ဘူးလို့ပြောခဲ့တာပါ။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ဒီညွန့်ပေါင်းစစ်ဆင်ရေးမှာ ဘာရိန်း၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊နယ်သာလန်၊ နော်ဝေ၊ ဆေးရှဲ၊ စပိန်နဲ့ ယူနိုက်တစ်ကင်းဒမ်း တို့လည်း ပါဝင်ကြမယ်လို့ ပြောခဲ့ပါသေးတယ်။ ဒီဇင်ဘာလ ၂၁ ရက်မှာတော့ လွိုက်က ဂရိနဲ့ သြစတြေးလျတို့ပါ ပူးပေါင်းပါဝင်လာကြတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် စစ်ဆင်ရေးမှာပါဝင်မယ်လို့ တရားဝင် လူသိရှင်ကြား အမည်ပေးရန် အနည်းဆုံး ရှစ်နိုင်ငံကပျက်ကွက်နေတယ်လို့လည်း ပြောခဲ့ပါတယ်။

ဟူသီအုပ်စုက အောက်တိုဘာ ၇ ရက် ဂါဇာစစ်ပွဲ စကတည်းက ဟားမားစ်တို့ကို ထောက်ခံသွားမယ်လို့ ကြေညာထားခဲ့တာပါ။ ဒီအချိန်မှာ နိုင်ငံ ၂၀ အထိပါဝင်မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနကပြောခဲ့တဲ့ ညွန့်ပေါင်းစစ်ဆင်ရေးမှာ အမေရိကန်ရဲ့ အနောက်အုပ်စု အဓိကမဟာမိတ်တွေကမပါဝင်ဘူး ပြောခဲ့ကြတာက အမေရိကန်အစိုးရအဖို့ များစွာအနှောင့်အယှက်ဖြစ်ကာ သူ့အပေါ်ပမာမခန့်ပြုမှုကိုရင်ဆိုင်လိုက်ရတာဆိုရမှာပါ။

Ref :; Express.co.uk, Press TV

Leave a Reply

Your email address will not be published. Required fields are marked *