October 19, 2024

၂၅. ၁၂. ၂၀၂၃

Written by Ye Kyaw

ထိုင်းနိုင်ငံမှ အိမ်သုံးဂတ်စ် (LPG) ဓာတ်ငွေ့ရည် တင်သွင်းမှု အခက်အခဲများဖြစ်ပေါ်နေ၍ ပြည်တွင်း၌ အိမ်သုံးဂတ်စ် (LPG) ဓာတ်ငွေ့ရည် ဈေးနှုန်း တစ်ပိဿာ ကျပ် ၂၀၀၀ ဝန်းကျင် မြင့်တက်လျက်ရှိကြောင်း အိမ်သုံးဂတ်စ် (LPG) အရောင်းဆိုင်များမှ သိရသည်။

“အဝင်နည်းတာလည်းပါတယ်။ ငွေလဲလှယ်နှုန်းလည်းပါတာပေါ့။ အရင်က တစ်ပိဿာကို ၅၀၀၀ နဲ့ ၆၀၀၀ ကြားပဲရှိတာ။ ပြီးခဲ့တဲ့ရက်ပိုင်းက ၈၀၀၀ အထိမြင့်တက်သွားတာ အခုမှ ၇၅၀၀ နဲ့ ဈေးနည်းနည်းပြန်ကျလာတာ” ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ အိမ်သုံးဂတ်စ် (LPG) အရောင်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်သုံးဂတ်စ် (LPG) ဓာတ်အငွေ့ရည်များကို ထိုင်းနိုင်ငံမှ ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းတို့မှ အဓိကတင်သွင်းနေခြင်းပြီး နယ်စပ်လမ်းကြောင်းမှ အများဆုံး တင်သွင်းနေသည်။

ဒီဇင်ဘာ ၁ ရက်တွင် ကော့ကရိတ်မြို့ နေရာ ၈ ခုကို KNU၊ PDF များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် ထိုင်း-မြန်မာနယ်စပ် မြဝတီလမ်းကြောင်း ကုန်သွယ်မှုအခက်အခဲများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ထို့ကော်ကိုးလမ်းကြောင်း (တောလမ်း)မှ ကုန်သွယ်မှု ဆောင်ရွက်နေရကာ ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရန် ဒီဇင်ဘာ ၁၈ ရက်မှစ၍ တစ်ရက်တက်၊ တစ်ရက်ဆင်း အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ရသည်။

လက်ရှိတွင် ရန်ကုန်မြို့ပေါ်၌ပင် ယခင်ထက် လျှပ်စစ်မီးပြတ်တောက်မှု များနေခြင်းကြောင့် ဂတ်စ်ဖြင့်သာ အဓိကချက်ပြုတ်နေရခြင်းဖြစ်ပြီး အဆိုပါ အိမ်သုံးဂတ်စ် (LPG) ဓာတ်ငွေ့ရည် ဈေးနှုန်းမြင့်တက်လာခြင်းက အခြေခံလူတန်းစားများအတွက် ထွက်ငွေပိုမိုများလာစေသည်။

“အရင်က လျှပ်စစ်နဲ့ ချက်လို့ရတယ်။ အခုက မီးက ပျက်တာများလာတဲ့အပြင် ခါတိုင်း မနက် ၉ နာရီအထိ လာနေတဲ့မီးက မနက် ၅ နာရီကနေ ၉ နာရီထိကို တစ်ရက်ခြားပဲ လာတော့တယ်။ ညနေပိုင်းလည်း ဒီတိုင်းပဲ ညနေ ၅ နာရီကနေ ၉ နာရီကို တစ်ရက်ခြားပဲလာတော့ဆိုတော့ ဂတ်စ်နဲ့ ချက်ရတာပိုများလာတယ်။ အရင်ထက်လည်း ဂတ်စ်ကုန်တာများတော့ မကြာခဏထည့်ရတဲ့အပြင် ဈေးပါတက်လာတော့ ထွက်ငွေပိုများတာပေါ့” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာ ၁၅ ရက်အထိ ရှစ်လကျော်အတွင်း မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်မှု ဒေါ်လာ ၃ ဒသမ ၄ ဘီလျံကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၈၀ ကျော် လျော့ကျနေကာ ပို့ကုန်တင်ပို့မှု ဒေါ်လာသန်း ၁၅၀ ကျော်နှင့် သွင်းကုန်တင်သွင်းမှု ဒေါ်လာသန်း ၁၃၀ ခန့် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။

ပုံစာ- သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အိမ်သုံးဂတ်စ် အရောင်းဆိုင်တစ်ခုကို တွေ့ရစဉ် (Photo- Ye Kyaw)

Leave a Reply

Your email address will not be published. Required fields are marked *