October 20, 2024

၂၅. ၁၂. ၂၀၂၃
Written by Pyi Thu

လျှပ်စစ်မီးပြတ်တောက်နေတယ်ဆိုပေမဲ့ စက်သုံးဆီဝယ်ယူရမှုအခက်အခဲကြုံနေရတာနဲ့ အစိုးရက လျှပ်စစ်ကားကို ဦးစားပေးနေတာကြောင့် လူထုကြားမှာ EV ကားကို ဝယ်ယူဖို့စိတ်ဝင်စားမှုများပြားနေသလို EV ကားတွေ တစ်နိုင်ငံလုံးမှာ အဆင်ပြေစွာသုံးနိုင်ဖို့ Charging Station တွေ ဆောက်ရတာ၊ အစိုးရက ပံ့ပိုးပေးတာ၊ လုပ်ငန်းရှင်တွေဘက်က ကြုံတွေ့နေရတာတွေ သိနိုင်ဖို့ MT News သတင်းဌာနက ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းမောင်ကို တွေ့ဆုံမေးမြန်းခဲ့တာကနေ ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

မေး ◾ မြန်မာနိုင်ငံမှာ EV Car တင်သွင်းခဲ့တာ တစ်နှစ်လောက် ရှိပြီဆိုတော့ EV Car အသုံးပြုသူတွေအနေနဲ့ ဘယ်အတိုင်းအတာထိ လက်ခံလာကြတယ်ဆိုတဲ့အပေါ် ပြောပြပေးစေလိုပါတယ်။

ဖြေ ◾ EV Car ကို ၂၀၂၃ နှစ်ဆန်းလောက်က တင်သွင်းလာတာ အစပိုင်းမှာလက်ခံနိုင်တဲ့ လူ အင်အားနည်းတာကိုတွေ့ရပါတယ်။ တင်သွင်းတဲ့သူ၊ လျှောက်ထားတဲ့သူကုမ္ပဏီတွေနည်းတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဒီနှစ် ၇ လပိုင်း၊ ၁၀ လပိုင်းနောက်ပိုင်းမှာ နည်းနည်းလေးလက်ခံလာတာကို တွေ့ရတယ်။ အထူးသဖြင့် BYD ရယ်၊ TOYOTA တို့အပြင် MG တို့ နီတာ တို့က ဒါတွေက ကနဦးမှာ ပိုင်းလော့ပရောဂျက်အဖြစ်တင်သွင်းလာပြီး လူအများလက်ခံနိုင်တဲ့ Brand အဖြစ် လက်ခံလာနိုင်တာကိုတွေ့ရပါတယ်။

လောလောဆယ်အနေအထားမှာကပိုပြီးတော့ EV ကို ဆီရှားပါးမှုနဲ့အတူ ဒီလပိုင်းမှာပိုပြီးတော့ တွင်တွင်ကျယ်ကျယ် လက်ခံလာတာကိုတွေ့ရပါတယ်။ စက်ရုံထုတ်ဈေးအပြင် အမြတ်ကအပြင်မှာ ၂၀၀၊ ၃၀၀၊ ၄၀၀ လောက်အထိ ပေါက်ပြီးတော့ အမြတ်ပေးဝယ်ယူလာကြတဲ့အပိုင်းကို တွေ့ရပါတယ်။ အဓိကအမြတ်ပေးဝယ်ယူလာတဲ့ အပိုင်းက လည်း သူတို့ကကားလိုချင်တာကတစ်ကြောင်း၊ ပြည်တွင်းကိုဝင်ရောက်လာတဲ့ EV ကားတင်သွင်းမှုအရေအတွက်ကလုံလောက်တာကတစ်ကြောင်း၊ လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့အမြတ်ပေးဝယ်ယူနေရတဲ့အပိုင်းလေးတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။

အစပိုင်းပိုင်လော့ပရောဂျက်မှာတော့ နိုင်ငံတော်ရဲ့ပံ့ပိုးမှုက အားကောင်းခဲ့ပါတယ်။ တကယ်လည်း တင်သွင်းမှုကို ပံ့ပိုးနိုင်ခဲ့တယ်။ ကုမ္ပဏီတွေ ၃၁ ခုအထိ ချပေးခဲ့ပါတယ်။ တကယ်လုပ်တဲ့ကုမ္ပဏီကတော့ ၃၁ ခုတောင် မပြည့်ဘူး။ခန့်မှန်းအနေနဲ့ တင်သွင်းတဲ့ ကုမ္ပဏီက ၁၅ခု ၊၂၀ လောက်ပဲတင်သွင်းလာတာကို တွေ့ရပါတယ်။ နောက်ပိုင်းမှာတော့နိုင်ငံတော်ရဲ့ဘတ်ဂျက်လိုငွေပြမှုကြောင့် နည်းနည်းလေး တင်သွင်းလာတာ လျော့နည်းတာကိုတွေ့ရပါတယ်။နိုင်ငံခြားငွေလိုအပ်မှုကြောင့် နည်းနည်းလေးတင်သွင်းတာလျော့နည်းလာတာကို တွေ့ရတယ်။ သုံးစွဲမှုအပိုင်းမှာတော့တဖြေးဖြေးပိုပြီးမြင့်မားလာတာကိုတွေ့ရပြီး တင်သွင်းတဲ့အရေအတွက်လည်း ဒီနှစ်ကုန်ပိုင်းမှာ နည်းနည်းလေးစိပ်စိပ်လေးထွက်လာတာကိုသိရပါတယ်။

မေး◾ မကြာခင် ၂၀၂၄ ခုနှစ်ကိုရောက်တော့မယ်ဆိုတော့ နှစ်သစ်မှာ EV Car တင်သွင်းမှုက ဘယ်လို ရှိလာနိုင်ပါမလဲ။

ဖြေ ◾ နောက်နှစ်အတွက်ချပေးမယ့် EV တင်သွင်းမယ့်ကုမ္ပဏီတွေချထားတာတော့ ရာနဲ့ချီရှိပါတယ်။ ဒါပေမဲ့လောလောဆယ်နေပြည်တော်မှာ Presentation လုပ်ပြီးတော့ ခွင့်ပြုမိန့်ကိုစောင့်နေတဲ့ကုမ္ပဏီကတော့ ပထမပိုင်းလော့ပရောဂျက်နဲ့ အခုနောက်ဆုံး Presentation လုပ်ထားတဲ့ ပထမအကြိမ်ကုမ္ပဏီ ၁၅ ခုရယ်၊ နောက်ကုမ္ပဏီ ၃၆ ခုရယ် အဲ့ဒါတွေကခွင့်ပြုဖို့အတွက်ကို စောင့်ဆိုင်းနေတယ်လို့သိရပါတယ်။ များမကြာခင်မှာ ဒီကုမ္ပဏီတွေကို တင်သွင်းခွင့်ပြုပြီးတော့ နောက်နှစ်တွေမှာ ကုမ္ပဏီအများစုဟာ EV တွေကိုညတင်သွင်းခွင့်ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ခွင့်လည်းခွင့်ပြုပါလိမ့်မယ်။

မေး ◾ EV Car တွေကတော့ လူကြိုက်လည်း များလာတယ်။ ပြီးတော့ လောင်စာဆီပြဿနာလည်း ရှိတယ်။ ဆက်ပြီးတော့လည်းတင်သွင်းမယ့် ကုမ္ပဏီတွေကလည်း တန်းစီနေတယ်။ ဒါပေမဲ့လည်း လျှပ်စစ် လိုအပ်ချက်က ရှိနေတာ ဆိုတော့ EV Car အတွက် Charging Station အပေါ်မှာ ဘယ်လိုပြောချင်ပါသလဲ။

◾ လောလောဆယ်မှာတော့ အဓိက,ကတော့ နိုင်ငံတော်ကပံ့ပိုးမှုလိုအပ်တာလည်း ပါပါတယ်။အဓိက,က မြေနေရာလိုအပ်ချက်ရှိပါတယ်။ EV Station တွေဆောက်ဖို့ဆိုရင်မြေနေရာတွေကျယ်ကျယ်ဝန်းဝန်း ဆောက်ဖို့လိုအပ်တယ်။အဓိက,ကတော့ ပင်မကေဘယ်လ်ကြိုးကနေယူမှ ပါဝါကို Voltage ကို ပြည့်ပြည့်ဝဝရပြီးတော့ EV အားသွင်းတဲ့အခါ လုံလုံလောက်လောက်ဖြစ်မှာပါ။ အဓိက,က မြေနေရာအခက်အခဲရယ်၊ ပင်မမိန်းကြိုးကနေ ကေဘယ်လ်ယူတဲ့အခါမှာ လုံလောက်စွာပံ့ပိုးပေးနိုင်ဖို့ဆိုတာ ဒါက နိုင်ငံတော်က တာဝန်ရှိသူတွေက ပံ့ပိုးကူညီပေးပြီး ညွှန်ကြားပေးဖို့လိုပါတယ်။ အဓိက,ကတော့ ကျွန်တော်တို့ ရန်ကုန်တိုင်းမော်တော်ယာဉ်ထုတ်လုပ်ရေးဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းဆိုတာက NGO အဖွဲ့အစည်းဖြစ်ပါတယ်။အဓိက,က EV လျှောက်တဲ့ တင်သွင်းဖို့လျှောက်တဲ့ကုမ္ပဏီတွေက EV Station တွေကို ပူးတွဲတည်ဆောက်ဖို့ကိုနိုင်ငံတော်က ညွှန်ကြားဖို့လိုပါတယ်။ သူက တင်သွင်းခွင့်ရမယ်။ သူတို့က Charging Station တည်ဆောက်မယ်ဆိုရင် နှစ်ဖက် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဖြစ်သလို တကယ်တင်သွင်းလာတာနဲ့အမျှ လိုအပ်တဲ့ Charging Station တင်သွင်းမှုကိုလည်း အချိန်နဲ့အမျှ တစ်ပြေးညီဖြည့်ဆည်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ ဒီရန်ကုန်တင်မဟုတ်ပါဘူး။ ကျွန်တော်တို့ လူအများခရီးသွားတဲ့နေရာတွေဖြစ်တဲ့ ဥပမာ – မော်လမြိုင်လိုနေရာမျိုး၊ ပုဂံ- ညောင်ဦးသွားမယ်ဆိုရင် လမ်းတစ်လျှောက်ပေါ့။ ဘယ်နေရာမှာ အားသွင်းရင်အဆင်ပြေနိုင်မလဲဆိုတာမျိုး၊ဥပမာ- ချောင်းသာ၊ ငွေဆောင်သွားမယ်ဆို ပုသိမ်လိုနေရာမျိုး။အဓိကတွက်ချက်ပြီးတော့ Charging Station တွေဆောက်ဖို့၊ ညွှန်ကြားဖို့လိုအပ်ပါတယ်။ ဆောက်လည်းဆောက်လုပ်သင့်ပါတယ်။

ဘာလို့လဲဆိုတော့ အခုလောလောဆယ်မှာသွင်းလာတဲ့အစီးရေက ဒီနှစ်ဘတ်ဂျက်ရာသီမှာ EV ကားအစီးရေ ၅၀၀ နဲ့ ၈၀၀ ကြားလောက် ဝင်လာပါပြီ။ တချို့က အိမ်မှာ Level -2 Charging နဲ့သွင်းတယ်။ တချို့ကတော့ အပြင်မှာ Fast Charging နဲ့သွင်းပါတယ်။လောလောဆယ်အထိ လုံလောက်နေသေးတယ်ဆိုပေမယ့်လည်း တကယ့်တကယ်စီမံချက်တစ်ခုပေါ့။ နိုင်ငံတော်ရဲ့စီမံချက် တစ်ခုအနေနဲ့ တင်သွင်းလာမယ်ဆိုရင်အရေအတွက်များများဝင်လာရင် ဒီပြဿနာတွေဖြစ်လာရင် မဖြစ်အောင်ကြိုတင်ဖြည့်ဆည်းပေးဖို့က အရေးကြီးပါတယ်။ ဒီဟာက အဓိကလိုအပ်ချက်တစ်ခုပါ။ ဆီဆိုင်များနည်းတူပေါ့လေ။ နောက်တစ်ခုက Public ဧရိယာဖြစ်တဲ့ ဥပမာ-ဈေးဝယ်စင်တာတွေလို၊ ဆေးရုံတွေလို၊ နောက်တစ်ခုကဟိုတယ်တွေလို ဒီလိုနေရာမျိုးတွေမှာအချိန်နဲ့တစ်ပြေးညီတပ်ဆင်ထားဖို့လိုအပ်မယ်လို့ ထင်ပါတယ်။

ကျွန်တော်သိရသလောက်က ရန်ကုန်မြို့မှာ Station က ၅ ခုနဲ့ ၁၀ ခုကြားမှာရှိတယ်လို့ သိထားပါတယ်။ ကျွန်တော်တိတိကျကျတော့မသိပါဘူး။ နောက်တစ်ခုကတော့လျာထားတဲ့ Station ဆောက်လုပ်မယ့်နေရာတွေကိုတော့ဘာမှတော့ ကျွန်တော်တို့ပြောသံတော့ မကြားသေးပါဘူး။

မေး ◾ EV car အသုံးပြုမယ့်သူတွေကို ဘယ်လို ပြောချင်ပါသလဲ။

◾ နိုင်ငံတော်က EV မော်တော်ယာဉ်တင်သွင်းဖို့ ချမှတ်ပေးတဲ့နေရာမှာ သုံးတဲ့နေရာမှာ အာမခံရှိတဲ့ Brand မျိုးကို ရွေးချယ်ဝယ်ယူမှသာ EV သုံးစွဲတဲ့သူတွေကြားမှာ ပိုပြီးတော့ တွင်တွင်ကျယ်ကျယ်နဲ့ အဆင်ပြေပြေဖြစ်လာမှာပါ။ တကယ်လို့ EV ဆိုတာက လျှပ်စစ်ကားဖြစ်တဲ့အတွက်အဓိက,ကတော့ ကျွန်တော်တို့ ပြောပြရင်တော့ တယ်လီဖုန်း နဲ့အတူတူပါပဲ။ အဓိက,ကတော့ ဓာတ်ခဲပေါ်မှာပဲမူတည်တာပါ။ အရည်အသွေးနိမ့်တဲ့ဓာတ်ခဲသုံးတဲ့ EV Car ကရေရှည်ကြံ့ခိုင်မှုရော၊ သုံးရတာကြာရှည်ခိုင်မှုအပိုင်းမှာရောအားနည်းမှုရှိနိုင်ပါတယ်။ အဓိက,ကတော့ဘတ္ထရီအမျိုးအစားတွေ ရွေးချယ်ဖို့လိုပါတယ်။ ဒီတစ်ခုပါပဲ။ EV Car ရဲ့အသက်က ဘတ္ထရီအပေါ်မှာ မူတည်တာပါပဲ။ ဘတ္ထရီမကောင်းရင် လဲရတဲ့အခါမှာ သိန်းရာဂဏန်းအထိ သိန်း ၂၀၀၊ သိန်း ၃၀၀ လိုပါတယ်။ အဲ့ဒါကြောင့်မို့ လူတွေရဲ့စိတ်ထဲမှာလည်း ဖုန်းတွေသုံးစွဲရတာ အဆင်ပြေအောင်ဖြစ်နေတဲ့နည်းတူ EV Car တွေလည်း ထိုနည်းလည်းကောင်းပါပဲ။ နှစ်စဉ်နှစ်တိုင်းအချိန်နဲ့တစ်ပြေးညီ ဆော့ဝဲလ် Update လေးတွေ လုပ်ပေးနိုင်ရမယ်။ လုပ်ရမယ်။ ဒါမှသာ ဘတ္ထရီကို အချိန်နဲ့တစ်ပြေးညီ Update လုပ်နိုင်မှသာ ကားတစ်စီး ရေရှည်သုံးစွဲရတာ အဆင်ပြေမှာပါ။ အဲ့ဒါကြောင့်မို့ EV ဝယ်ယူတဲ့အခါမှာ Brand ကို သေချာရွေးချယ်ဝယ်ယူဖို့လိုသလို အာမခံရှိတဲ့ Brand ကို ဦးစားပေးဝယ်ယူဖို့အကြံပေးလိုပါတယ်။

MT News ◾ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ခင်ဗျ။

Leave a Reply

Your email address will not be published. Required fields are marked *