◾၂၀၂၄ အမေရိကန် ကာကွယ်ရေးအသုံးစရိတ်မှာ မြန်မာနိုင်ငံက NUG နဲ့ လက်နက်ကိုင်အင်အားစုအတွက်သတ်မှတ်အသုံးစရိတ်ပါဝင်မလာမှုက အမေရိကန် သဘောထားပြောင်းလဲခြင်းဟု ဆိုရမည်လော
၂၄.၁၂.၂၀၂၃
translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ အောက်လွှတ်တော်က အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနအတွက် ၂၀၂၄ နှစ်ပတ် လည်အသုံးစရိတ်မူကြမ်းဖြစ်တဲ့ အမျိုးသား ကာကွယ် ရေးအသုံးစရိတ် တရားဝင်ခွင့်ပြုချက်အက်ဥပဒေ နောက်ဆုံးမူကြမ်း (National Defense Authorization Act for Fiscal Year 2024) ကို ဒီဇင်ဘာ ၁၄ ရက်မှာ အတည်ပြုခဲ့ပါတယ်။
NDAA ကို အထက်လွှတ်တော်ကလည်း ဒီဇင်ဘာ ၁၃ ရက်မှာ အတည်ပြုခဲ့ပြီးဖြစ်တာကြောင့် သမ္မတ ဂျိုးဘိုင်ဒန်အစိုးရအတွက် ၂၀၂၄ ခုနှစ်မှာ ကာကွယ်ရေးအသုံး စရိတ် အမေရိကန်ဒေါ်လာ ၈၆၆ ဘီလျံ ကို ကွန်ဂရက်က ခွင့်ပြုပေးခဲ့တာလို့ဆိုရမှာဖြစ်ပါတယ်။
NDAA မှာ တရုတ်နိုင်ငံကို အင်ဒို-ပစိဖိတ်ဒေသအတွင်း ဟန့်တားမှုတွေပြုနိုင်ဖို့ ဒေါ်လာ ၁၁ ဒသမ ၅ ဘီလျံ လျာထားသလို ရုရှားရဲ့တိုက်ခိုက်မှုကို တုံ့ပြန်နိုင်ဖို့ ယူကရိန်းကို ဒေါ်လာသန်း ၈၀၀ အထောက်အပံ့ပေးဖို့ဆိုတာလည်း ပါဝင်ပါတယ်။ ဒါပေမယ့် သမ္မတ ဘိုင်ဒန်က ကွန်ဂရက်ကိုတောင်းဆိုထားတဲ့ ယူကရိန်းသို့စစ်ရေးအထောက်အပံ့များ ဒေါ်လာ ၆၁ ဘီလျံကို ဥပဒေမှာ ပါဝင်ခွင့်ပြုခြင်းမရှိခဲ့လို့ သမ္မတ ဂျိုးဘိုင်ဒန် အတွက်ရော ယူကရိန်း သမ္မတ ဇယ်လန်စကီးအတွက်ပါ စိတ်ဓာတ်ကျစရာဖြစ်ခဲ့ရပါတယ်။
တစ်ခါ ဒီမိုကရက်တွေဘက်က ရီပတ်ဘလီကန်အမတ် တွေရဲ့တင်းကျပ်တဲ့လူဝင်မှု ကြီးကြပ်ရေးဥပဒေကို သဘောမတူဘဲနဲ့ ယူကရိန်း အထောက်အပံ့အတွက်လည်း အတည်မပြုနိုင်ဆိုကြတာကြောင့် ဒီမိုကရက်အမတ်တွေရဲ့အရေးပေါ်ကုန်ကျစရိတ်တောင်းခံမှု ဥပဒေကြမ်းက ကွန်ဂရက်မှာ ရှေ့မတိုးနိုင်ဖြစ်နေရပါတယ်။ အောက်လွှတ်တော်မှာ NDAA ကို ၃၁ဝ မဲ -၁၁၈ မဲ ပေးခဲ့ကြပြီး ဒီမိုကရက်အမတ် ၄၅ ဦးနဲ့ ရီပတ်ဘလီကန်အမတ် ၇၃ ဦးတို့က ကန့်ကွက်ခဲ့ကြပေမယ့် စုစုပေါင်း အမတ်အရေအတွက်ရဲ့ သုံးပုံနှစ်ပုံကို ကျော်လွန်ခဲ့တာကြောင့် အတည်ပြုနိုင်ခဲ့ခြင်းပါပဲ။
အောက်လွှတ်တော်လက်နက်ကိုင်တပ်ဖွဲ့များကော်မတီ ဥက္ကဋ္ဌ ဖြစ်တဲ့ ရီပတ်ဘလီကန်အမတ် မိုက် ရိုဂျာကတော့ “ဥပဒေမူကြမ်းကို အပေးအယူပြုပြီးအတည်ပြု နိုင်ခဲ့တာပါပဲ။ ဒါပေမယ့် ကောင်းမွန်တဲ့ ကျေနပ်လောက်တဲ့ အပေးအယူပြုမှုတော့မဟုတ်ဘူး” လို့ဆိုခဲ့ပါတယ်။
ဒီနှစ် ကာကွယ်ရေးအသုံးစရိတ် အထောက်အပံ့တွေမှာတော့ အရင်နှစ်တွေက မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ NUG နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF အမည်ခံလက်နက်ကိုင်တွေကို အ ထောက်အပံ့ပေးဖို့ အမေရိကန် အစိုးရကသတ်မှတ် အတည်ပြုခဲ့တာမျိုး ထပ်မံပါဝင်လာခြင်းမရှိတာလည်းတွေ့ရပါတယ်။
အမေရိကန်သမ္မတက ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (National Defense Authorization Act-NDAA) (H.R.7900) ကို ၂၀၂၃ ဒီဇင်ဘာ ၂၃ ရက်က အတည်ပြုခဲ့ပြီး အဲဒီအက်ဥပဒေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ‘Burma Act of 2022’ ပါဝင်ခဲ့သလို အဲဒီ NDAA ရဲ့ Burma Act အခန်း (၃) မှာ ကူညီထောက်ပံ့မှုပေးခြင်းကဏ္ဍပါဝင်ပြီး မြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ်ကနေ၂၀၂၇ ခုနှစ်အထိ ၅ နှစ် အကူအညီပေးမယ်ပါရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်အတွက် အကူအညီကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဌာနက ဒေါ်လာ သန်း ၅၀ ဖိုးနဲ့ အခြားဌာနတစ်ခုက ဒေါ်လာ ၄ သန်း စုစုပေါင်း ဒေါ်လာ ၅၄ သန်းကူညီမယ့် အခြေအနေရှိခဲ့သလို မြန်မာနိုင်ငံကို ၂၀၂၃ ခုနှစ်အတွင်း လူသားချင်း စာနာမှုအထောက်အပံ့ဆိုပြီး ဒေါ်လာသန်း၂၂၀ လည်း ခွင့်ပြုခဲ့တာပါ။
အဲဒါက ၂၀၂၃ အတွက်ပဲဖြစ်ပြီး ကျန်တဲ့နှစ်တွေအတွက် မပါတာကြောင့် အမေရိကန်ရဲ့ NDAA မှာ ၂၀၂၄၊ ၂၀၂၅၊ ၂၀၂၆၊ ၂၀၂၇ နှစ်တွေအတွက် မြန်မာပြည်က ဒီမိုကရေစီလှုပ်ရှားသူဆိုတဲ့အစုအဖွဲ့ကို ကူညီရေးအသုံးစရိတ်ကို ဘိုင်ဒန်အပါအဝင် ဆက်ခံတဲ့အစိုးရတွေက လွှတ်တော်မှာ နှစ်စဥ်တင်ပြပြီး အသုံးစရိတ်တောင်းခံရမဲ့သဘောဖြစ်ပေမဲ့ ၂၀၂၄ ခုနှစ်အတွက် NDAA မှာတော့ ဒီလိုမျိုးတောင်းဆိုချက် မတွေ့ရသလို သီးခြားသတ်မှတ်အသုံးစရိတ်လည်း မပါဝင်လာတာ တွေ့ရပါတယ်။
သေချာတာက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဒီဇင်ဘာ ၂၂ ရက်မှာ အတည်ပြုခဲ့တဲ့ ၂၀၂၄ NDAA( H.R. 2670, the “National Defense Authorization Act for Fiscal Year 2024) အရတော့ ၂၀၂၄ ခုနှစ်အတွက်မှာ မြန်မာနိုင်ငံက ဒီမိုကရေစီ အင်အားစုအမည်ခံအဖွဲ့တွေအတွက် ထပ်မံခွင့်ပြုမှုပါမလာခြင်းက အမေရိကန်အစိုးရရဲ့သဘောထားက EAO၊ NUG နဲ့ PDF တွေအပေါ် ပြောင်းလဲလာပြီလော၊ဒါမှမဟုတ် တရုတ်နိုင်ငံကို ဟန့်တားဖို့ဆိုတဲ့ အာရှ-ပစိဖိတ်အောက်က ခွင့်ပြုချက်မျိုးကနေ မြန်မာပြည်တွင်းရေးကို ဘယ်လိုပတ်သက်နှောင့်ယှက်လာနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။
Ref-Reuters, The Hill