MT News
၂၃. ၁၂. ၂၀၂၃
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်းကို တရားမဝင် ဝင်ရောက်တာကြောင့် ဖမ်းဆီးထောင်ချခံရပြီး ကျသင့်တဲ့ ပြစ်ဒဏ်ကျခံပြီးပေမဲ့လည်း မဏိပူရ်အကျဥ်းထောင်မှာ ဆက်လက်ထိန်းသိမ်းခံနေရတာကြောင့် အမြန်လွှတ်ပေးဖို့ အစာငတ်ခံဆန္ဒပြမှုချိန်မှာ ရိုက်နှက်ညှင်းပန်းခံနေရတဲ့ မြန်မာစစ်ရှောင် ၁၅၀ ခန့်ကို အမြန်လွှတ်ပေးဖို့ India for Myanmar က မဏိပူရ်ဝန်ကြီးချုပ် H.E Biren Singh ကို အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လက စတင်ပြီး အိမ်နီးချင်းနိုင်ငံဖြစ် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ကို ခိုလှုံလာသူနဲ့ New Delhi ကို သွားဖို့ ကြိုးပမ်းတဲ့ အသက် ၁၈ နှစ်အောက် (၂) ဦးအပါအဝင် အမျိုးသား (၇၅) ဦး၊ အမျိုးသမီး (၃၀) ဦးပါဝင်တဲ့ မြန်မာစစ်ဘေးရှောင် (၁ဝ၅) ဦးကို Sajiwa Jail & detention Center မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ Manipur Human Rights Commission က ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရတဲ့ ၁၀၅ ဦးကို Foreigner Detention Centre ဆီ ထပ်မံရွေ့ပြောင်းကာ အရေးယူမှု ဆက်လက်ဆောင်ရွက်ခဲ့ကြပြီး (၈၆) ဦးက အိန္ဒိယနိုင်ငံဥပဒေအရ ထောင်စည်းကမ်းအတိုင်း ထောင်ဒဏ်နှင့် ငွေဒဏ်ကျခံအပြီး Detention Centre မှာ ဆက်လက် ထိန်းသိမ်းခံထားရပေမဲ့ အားလုံးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်မှာ လွှတ်ပေးမယ်လို့ ထောင်အာဏာပိုင်တွေက ကတိပြုခဲ့ပါတယ်။
ဒါပေမဲ့ ဒီဇင်ဘာ (၁၅) ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ ပြန်လည်လွတ်မြောက်လာခြင်းမရှိဘဲကတိ ချိုးဖောက်လို့ ဖမ်းဆီးထိန်းသိမ်းခံ မြန်မာနိုင်ငံသားအမျိုးသား/အမျိုးသမီးတွေက ဒီဇင်ဘာ (၁၆) ရက်နေ့က စတင်ကာ ငြိမ်းချမ်းစွာ အစာငတ်ခံ ဆန္ဒပြမှု လုပ်ဆောင်ခဲ့လို့ မဏိပူရ်ရဲနဲ့ အကျဉ်းထောင်အာဏာပိုင်တွေက ဒီဇင်ဘာ (၁၈) ရက်နေ့က စတင်ပြီး အဆိုပါအစာငတ်ခံ ဆန္ဒပြသူတွေကို နှင်းကျတဲ့နေရာ အအေးခံ အိပ်စေတာ၊ ဝတ်ဆင်ထားတဲ့ အဝတ်အစား ချွတ်ပြီး ရိုက်နှက်တာကြောင့် တချို့ ပြင်းထန်စွာဒဏ်ရာရရှိကြသလို ဒီဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး Foreigner Detention Centre မှာ ထိန်းသိမ်းခံရတဲ့ အခြား အကျဉ်းသားတွေကလည်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၁၉) ရက်နေ့က စတင်ကာ အစာငတ်ခံဆန္ဒပြကြပါတယ်။
လက်ရှိအချိန် မဏိပူရ်ပြည်နယ်၌ Foreigner Act နဲ့ အဖမ်းခံရသူ မြန်မာနိုင်ငံသား (၁၅ဝ) ဝန်းကျင်ရှိမယ် ခန့်မှန်းရပြီး အများစုက မိမိကျခံရမယ့် ပြစ်ဒဏ်ကျခံပြီးသူတွေပါ။ သူတို့ကို ပြန်လည်မလွှတ်ပေးဘဲ မြန်မာနိုင်ငံဆီ ပြန်လည်ပို့ဆောင်မှုမလုပ်ဆောင်မီအထိ Foreigner Detention Centre မှာ ထိန်းသိမ်းခြင်းဟာ ဖမ်းဆီးခံရသူတွေရဲ့ လွတ်လပ်ခွင့်နဲ့ တရားမျှတမှု အခွင့်အရေးများစွာ ဆုံးရှုံးစေတယ်လို့ ယူဆကြောင်း India for Myanmar က ဖော်ပြထားပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေကြောင့် နေရပ်ကို လုံခြုံစွာပြန်လည်နေရာချထားဖို့ အချိန်ကာလ ခန့်မှန်းရခက်သလို အသက်လုံခြုံရေးကိုပါ ထိခိုက်စေနိုင်တာကြောင့် Foreigner Act နဲ့ အဖမ်းခံရသူ မြန်မာနိုင်ငံသားတွေကို ခြွင်းချက်မရှိ အမြန်လွှတ်ပေးဖို့နဲ့ မဏိပူရ် ဝန်ကြီးချုပ် မြန်မာနိုင်ငံသား စစ်ဘေးရှောင်တွေ မဏိပူရ်ပြည်နယ်အတွင်း နေထိုင်ခွင့် မပြုလိုရင် မီဇိုရမ်ပြည်နယ်နဲ့ UNHCR-India, နယူးဒေလီမှာ ခိုလှုံခွင့်ရရှိဖို့အတွက် ပံ့ပိုးကူညီပေးသင့်တယ်လို့လည်း India for Myanmar ရဲ့ တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။