၂၃. ၁၂. ၂၀၂၃
Translated by Htwe Ko Tun
အစ္စရေးတို့က ဂါဇာကမ်းမြောင်ဒေသအတွင်းစစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးများကို ရပ်တန့်မှုမပြုမချင်း ပါလက်စတိုင်း ဟားမားစ်အုပ်စုဘက်မှလည်း ဖမ်းဆီးထားသော ဓားစာခံများကို ထပ်မံလွှတ်ပေးတော့မည်မဟုတ်ကြောင်း ဟားမားစ်အုပ်စုရဲ့အဆင့်မြင့်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဂါဇီ ဟာမက်က ဒီဇင်ဘာ ၂၁ ရက်မှာ ပြောခဲ့ပါတယ်။
ဟာမက် က “ အစ္စရေးတို့က မျိုးတုန်းသတ်ဖြတ်ဖို့ စစ်ပွဲကိုပြုလုပ်နေသ၍ ကျွန်တော်တို့အနေနဲ့လည်း အကျဉ်း သားတွေလဲလှယ်ဖို့ ဆွေးနွေးမှုတွေ ဘယ်လိုနည်းနဲ့မှ ပြုလုပ်မှာမဟုတ်ဘူး။ ကျွန်တော်တို့ပြည်သူတွေကို ကျုးကျော်တိုက်ခိုက်နေမှုတွေကို အဆုံးသတ်ဖို့ အစ္စရေးအနေနဲ့ လုပ်ဆောင်ပြရမယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဟာမက်က အခုဆိုရင် အစ္စရေးတို့က ဂါဇာဒေသကို ဝန်းရံပိတ်ဆို့ထားလို့ ဒေသနေပြည်သူတွေမှာ အစားအစာ ပြတ်လပ်မှုဘေးနဲ့ ကြုံတွေ့နေရပါပြီလို့လည်း ဆက်လက်ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ၊လုံခြုံရေးကောင်စီမှာ ဒီဇင်ဘာ ၂၁ ရက်က အမေရိကန်အစိုးရရဲ့ထောက်ခံမှုကိုပါရခဲ့ပေမယ့် ဂါဇာဒေသသို့ လိုအပ်သောအထောက်အပံ့များပေးပို့ဖို့ ဆုံးဖြတ်ချက်တစ်ရပ်ထပ်မံပြုလုပ်ရန်လည်း နှောင့်နေးနေခဲ့ပါတယ်။
ဂါဇာဒေသအတွင်းကို ဒေသခံပြည်သူတွေအတွက် လုံလောက်တဲ့ စားနပ်ရိက္ခာအထောက်အပံ့တွေ မရောက်ရှိတဲ့အတွက် ဒေသအတွင်း ဆာလောင်ငတ်မွတ်ခြင်းဘေးကိုရင်ဆိုင်နေရသူတွေ နေ့စဉ်တိုးပွားလာနေတယ်လို့လည်း ကုလသမဂ္ဂက ပြောခဲ့ပါတယ်။ အခုဆိုရင် ဂါဇာလူဦးရေ ၂ ဒသမ ၂ သန်းခန့်အနက် ၅၇၀,၀၀၀ ကျော်ဟာ အစားအစာပြတ်လပ်ငတ်မွတ်မှုဘေးကို ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်က ပြောခဲ့ပါတယ်။
Ref- euronews