October 19, 2024

စက်သုံးဆီ တင်သွင်းခြင်းအတွက် ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းအထိ နိုင်ငံခြားငွေစာရင်းတွင် ထည့်သွင်းပေးမည်ဟု UMFCCI အသိပေး

၂၃. ၁၂. ၂၀၂၃
Written by Ye Kyaw

စက်သုံးဆီများကို ပို့ကုန်ရငွေဖြင့် တိုက်ရိုက်ဝယ်ယူရန် သဘောတူညီမှုရရှိခဲ့သော်လည်း ဒေါ်လာဈေးနှုန်း ညှိနှိုင်းမရသေး၍ စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး ဗဟိုဘဏ်မှ လိုအပ်သည့် ဒေါ်လာများကို ထုတ်ရောင်းပေးနေပြီး လာမည့်လအတွင်း အဓိကပို့ကုန်ရငွေများ ဝင်ရောက်လာပါက စက်သုံးဆီဝယ်ယူရေး အဆင်ပြေလာနိုင်မည်ဖြစ်ကြောင်း ပြည်တွင်း စက်မှုဇုန်လုပ်ငန်းရှင်များထံမှ သိရသည်။

“စက်သုံးဆီက နိုင်ငံတော်က သတ်မှတ်ပေးချင်တာ ၃၃၅၀၊ အပြင်မှာ လိုချင်တဲ့သူတွေကတော့ Exporter သမားတွေလိုချင်တာက ၃၄၀၀ ကျော်ပေါ့ဗျာ။ နည်းနည်းဟနေတော့ အရောင်းအဝယ်မဖြစ်ဘူးပေါ့။ အဲဒါကြောင့် နိုင်ငံတော်က ထုတ်ရောင်းပေးတယ်။ အဲဒီလို ပိုက်ဆံလိုသလောက်ပေါ့ သူတို့ထုတ်ပေးမယ်။ သွင်းတဲ့သူကလည်းသွင်း။ အဓိကတော့ ဆီမပြတ်ရေးကိုတော့ ဦးစားပေးပြီး ဆောင်ရွက်မယ်ဆိုပြီးတော့ ပြောတာပေါ့” ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက MT News သို့ ပြောသည်။

စက်သုံးဆီဝယ်ယူနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့၍ ရရှိသော ပို့ကုန်ရငွေဖြင့် စက်သုံးဆီ တင်သွင်းခြင်း လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သိသင့်သည့်အချက်များကို ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)မှ ဒီဇင်ဘာ ၂၁ ရက်တွင် အသိပေး ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပို့ကုန်တင်ပို့သူသည် ကုမ္ပဏီ၏ ပို့ကုန်ကြေညာလွှာ (ED) အရ သတ်မှတ်ရက်အတွင်း ဝင်ရောက်လာသည့် ပို့ကုန်ရငွေ၏ ၃၀ ရာခိုင်နှုန်းအနက်မှ ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် တစ်ရက်အတွင်း လဲလှယ်ပေးမည်ဖြစ်ပြီး ၆၅ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချရမည်ဖြစ်သည့်အပြင် ကျန်ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းကို သွင်းကုန် (စက်သုံးဆီ) တင်သွင်းခြင်းအတွက် ပြည်ပသို့ ပေးချေရန် ကုမ္ပဏီ၏ နိုင်ငံခြားငွေစာရင်းတွင် ထည့်သွင်းထားရှိပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စက်သုံးဆီတင်သွင်းမည့်ကုမ္ပဏီမှ လိုင်စင်လျှောက်ထားရာတွင် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်း တင်ပို့ရာမှ ပိုကုန်ရငွေရရှိထားကြောင်း (သို့မဟုတ်) ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်း တင်ပို့သည့် ကုမ္ပဏီမှ ပိုကုန်ရငွေအား ဝယ်ယူထားကြောင်း အထောက်အထားအဖြစ် AD လိုင်စင်ရဘဏ်များမှ ထုတ်ပေးသည့် Credit Advice နှင့် Bank Statement မူရင်းအား တင်ပြရမည်ဖြစ်သည်။

ပြီးခဲ့သည့် မိုးရာသီရာကာလအတွင်း ပို့ကုန်တင်ပို့နိုင်မှု အနည်းငယ်သာရှိခဲ့ပြီး အောက်တိုဘာလမှစ၍ အဓိကပို့ကုန်များ အတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင်လည်း မိုးရာသီကောက်ပဲသီးနှံများ ပေါ်ထွက်လာပြီဖြစ်သော်လည်း ကုန်ပစ္စည်းသာ လက်ထဲရှိပြီး ဒေါ်လာမဖြစ်ပေါ်သေးသည့် အကူးအပြောင်းကာလဖြစ်နေခြင်းတို့ကြောင့် ယခုကဲ့သို့ အခက်အခဲများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

“ဗဟိုဘဏ်က ဆက်ပြီးထောက်ထားပေးလိုက်ရင်တော့ ဒီကိစ္စက ပြသနာတော့မရှိပါဘူး။ တစ်လခွဲ နှစ်လလောက်ဆို ပို့ကုန်သမားတွေ အခုပို့တာတွေ ဒေါ်လာပြန်ဝင်လာတဲ့ဟာနဲ့ Balance ပြန်ချိန်လိုက်ရင် ဒီဟာအဆင်ပြေသွားမှာပေါ့” ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို ဒီဇင်ဘာ ၁၈ ရက်တွင် ပထမဆုံးအကြိမ် ဒေါ်လာ ၉ ဒသမ ၇၂ သန်း ရောင်းချပေးခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း ထပ်မံရောင်းချပေးခဲ့၍ ရောင်းချပေးခဲ့သည့် နှစ်ကြိမ်အတွင်း စုစု‌ပေါင်း ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းအထိ ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *