October 19, 2024

၂၂. ၁၂. ၂၀၂၃
Written by Pan Ei

ကမ္ဘာ့ဝင်ငွေအကောင်းဆုံးမင်းသားတွေထဲက တစ်ဦးဖြစ်ပြီး နာမည်ကြီး Fast and Furious ဇာတ်ကားထဲက မင်းသားတစ်ဦးဖြစ်တဲ့ Vin Diesel ကို သူ့ရဲ့ လက်ထောက်ဟောင်းက ၂၀၁၀ ပြည့်နှစ်မှာ သူမကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်လို့ စွပ်စွဲကာ ဒီနေ့(ဒီဇင်ဘာ ၂၂ ရက်) မှာ တရားစွဲဆိုခဲ့ပါတယ်။

လော့စ်အိန်ဂျလိစ်တရားရုံးမှာ စွဲဆိုခဲ့တဲ့ အဲ့ဒီအမှုမှာ မင်းသားရဲ့ လက်ထောက်ဖြစ်သူ Asta Jonasson ဟာ “Fast Five” ရုပ်ရှင်အတွက် သူတို့အတူ အလုပ်လုပ်နေတဲ့အချိန် Vin Diesel က အတ္တလန်တာဟိုတယ်ခန်းမှာ သူမကို စော်ကားခဲ့တာဖြစ်တယ်လို့ စွပ်စွဲခဲ့ပြီး သူမဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရပြီး နာရီအနည်းငယ်အကြာမှာပဲ အလုပ်ထုတ်ပယ်ခံခဲ့ရတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Diesel ရဲ့ ဥပဒေရေးရာတာဝန်ရှိသူတွေက မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို ချက်ချင်း အကြောင်းပြန်ခဲ့တာမရှိဘဲ Jonasson ရဲ့ ရှေ့နေ Claire-Lise Kutlay ကတော့ “အာဏာရှိတဲ့ အမျိုးသားတွေကို တာဝန်ခံမှုကနေ အကာအကွယ်ပေးရင် လုပ်ငန်းခွင်မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုက ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ပါဘူး” လို့ ရေးသားဖော်ပြခဲ့ပြီး “သူမရဲ့ ရဲရင့်တဲ့ဆုံးဖြတ်ချက်က ရေရှည်တည်တံ့တဲ့ အပြောင်းအလဲကို ဖန်တီးပေးပြီး တခြားလူတွေအတွက်လည်း ခွန်အားဖြစ်စေအောင် ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်” လို့လည်း ဆိုပါတယ်။

Jonasson ရဲ့တရားစွဲဆိုမှုမှာ Diesel က သူ့ရဲ့ဟိုတယ်အခန်းမှာ အမျိုးသမီးများစွာနဲ့ တစ်ညတာ အတူနေပြီးနောက် သူမကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တာဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး Jonasson ဟာ နှစ်ပေါင်းများစွာ နှုတ်ဆိတ်နေခဲ့တာက ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်တွေထဲက တစ်ဦးကို ထုတ်ဖော်ပြောဆိုဖို့ ကြောက်ရွံ့ခဲ့ပြီး လုပ်ငန်းခွင်ကနေ ဖယ်ရှားခံရမှာကိုလည်း စိုးရိမ်တာကြောင့်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်က စတင်ကာ လိင်ပိုင်းဆိုင်ရာ အကျင့်ပျက်ခြစားတဲ့ ထင်ရှားတဲ့ ဖျော်ဖြေရေးနယ်ပယ်က ပုဂ္ဂိုလ်တွေကို စွပ်စွဲ၊ တရားစွဲတဲ့ #MeToo လှုပ်ရှားမှုကနေ အခုလက်ရှိမှာ ထောင်ကျနေတဲ့ ရုပ်ရှင်ထုတ်လုပ်သူ Harvey Weinstein ကို အရေးယူနိုင်ခဲ့သလို Jonasson ဟာလည်း ခုလို လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးအများအပြားထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *