October 19, 2024

၂၂. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

ဂါဇာကမ်းမြောင်ဒေသအတွင်း အစ္စရေးတို့၏ ဟားမားစ်တို့အား တိုက်ခိုက်မှုများ၌ ဝန်းရံပိတ်ဆို့ထားခြင်းခံရသောဒေသတွင်းရှိ ပါလက်စတိုင်းပြည်သူများအနက် ၅၇၆,၆၀၀ ကျော်မှာ အငတ်ဘေးနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂအစီရင်ခံစာတစ်စောင်က ဒီဇင်ဘာ ၂၁ ရက်တွင် ဖော်ပြခဲ့သည်။

ဂါဇာဒေသတစ်ခုလုံးတွင် နေထိုင်သူ လူဦးရေ ၂ ဒသမ ၂ သန်းရှိသည့်အနက် အားလုံးလိုလိုပင် အစားအစာ လုံလောက်မှုမရှိခြင်းနှင့် ရင်ဆိုင်နေရကြောင်းလည်း အစီရင်ခံစာက ပြောခဲ့သည်။ အစီရင်ခံစာကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နှင့် အခြားကုလသမဂ္ဂအေဂျင်စီများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ အချက် အလက်များဖြင့်ပြုစုထားခြင်းဖြစ်သည်။

အစီရင်ခံစာက ၂၆ ရာခိုင်နှုန်းသော ဂါဇာ လူဦးရေဖြစ်သည့် ပါလက်စတိုင်းပြည်သူ ၅၇၆,၆၀၀ ကျော်မှာ ဆိုးဝါးလှသည့်အငတ်ဘေးနှင့်ရင်ဆိုင်နေကြရကြောင်း၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် အနေဖြင့် ဤသို့ဖြစ်လာနိုင်သည်ကို ရက်သတ္တပတ်ပေါင်းများစွာကပင် သတိပေးခဲ့ကြောင်း၊ အကယ်၍သာ စစ်ပွဲအခြေအနေက ဆက်လက်ပြင်းထန်နေကာ ဒေသအတွင်းသို့ လူသားချင်းစာနာမှုအထောက်အပံ့များကိုလည်း ဆက်လက်တင်းကျပ်ခံနေရပါက နောက်ခြောက်လအတွင်း ဂါဇာဒေသ၌ ငတ်မွတ်ခြင်းကပ်ကြီး ဆိုက်ရောက်လိမ့်မည်ဟု အစီရင်ခံစာက သတိပေးခဲ့သည်။

လက်ရှိကာလတွင်လည်း ဂါဇာ၏နေရာအများအပြား၌ အစားအစာများပြတ်လပ်လျက်ရှိကာ လူသားချင်းစာနာမှုအထောက်အပံ့များလည်း ဒေသအတွင်းဝင်ရောက်ခွင့်ကို တင်းကျပ်ခံထားရသောကြောင့် ဒေသအတွင်းတစ်ခါမျှမကြုံခဲ့ဘူးသော အငတ်ဘေးကို ပြည်သူအများအပြားစတင်ရင်ဆိုင်နေရပြီဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

Ref——Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *