October 19, 2024

၂၂. ၁၂. ၂၀၂၃
Written by Pan Ei

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ အရပ်သားတွေကို MNDAA အပါအဝင် လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်ကာ အတင်းအကြပ် စစ်သား စုဆောင်းနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့(HRW)က မနေ့က (ဒီဇင်ဘာ ၂၁ ရက်) မှာ ပြောကြားခဲ့ပါတယ်။

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ဟာ ကိုးကန့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး MNDAA ရဲ့ အရပ်သားတွေအပေါ် ရိုင်းစိုင်းတဲ့ အပြုအမူတွေကို ချက်ချင်းရပ်တန့်ကာ မြန်မာ့တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေအတွင်းက ပြည်သူတွေကို ကာကွယ်ဖို့ အစီအမံတွေ အားလုံးကို လုပ်ဆောင်သင့်တယ်လို့ HRW က သတင်းထုတ်ပြန်လာတာပါ။

“မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က အရပ်သားတွေကို ပြန်ပေးဆွဲပြီး အတင်း အကြပ်စုဆောင်းခြင်းအားဖြင့် စစ်ဥပဒေတွေကို ချိုးဖောက်နေတယ်” လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ အာရှဒါရိုက်တာ Elaine Pearson က ပြောကြားခဲ့ပြီး “အရပ်သားတွေအနေနဲ့ တပ်မတော် ဒါမှမဟုတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သူတို့ရဲ့စစ်တပ်ထဲကို အတင်းအကြပ် ဖိအားပေးလာမှာကို ကြောက်နေရစရာမလိုဘဲ တိုက်ပွဲတွေကနေ ဘေးကင်းရာကို ရှာနိုင်ရမယ်။” လို့လည်း သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ရက္ခိုင့်တပ်မတော် AA၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ပေါင်းစည်းထားတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာစစ်တပ်စခန်းတွေကို ပစ်မှတ်ထားပြီး ထိုးစစ်ဆင်တဲ့ ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ထိုးစစ်ဟာ နိုင်ငံတွင်းရှိ တခြားနေရာတွေမှာပါ အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ဖြစ်ပေါ်စေခဲ့ပြီး အောက်တိုဘာလနှောင်းပိုင်းမှစတင်ကာ အတိုက်အခံအင်အားစုတွေနဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ လူပေါင်း ၆ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အဲ့ဒီထဲမှာမှ ရှမ်းပြည်နယ်က လူပေါင်း တစ်သိန်းနီးပါး အပါအဝင်ဖြစ်ပါတယ်။

ကိုးကန့်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော် လောက်ကိုင်ကို MNDAA က ထိုးစစ်ဆင်မှုမတိုင်ခင် ထောင်နဲ့ချီတဲ့ လူတွေဟာ ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။ MNDAA က ထွက်ပြေးလာသူတွေကို အရင်က ပိတ်ထားခဲ့တဲ့ သစ်တောလမ်းတွေကိုဖွင့်ကာ ကူညီခဲ့ပေမဲ့ လောက်ကိုင်မြို့က ထွက်ခွာသွားသူတွေရဲ့ မိုဘိုင်းလ်ဖုန်းတွေကို လက်နက်ကိုင်တပ်ဖွဲ့က သိမ်းဆည်းခဲ့ပြီး အမည်မသိ လူအများအပြားကိုလည်း ဖမ်းဆီးခဲ့တယ်လို့လည်း ပြည်တွင်းမီဒီယာတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၄ ရက်က မြန်မာ-တရုတ်နယ်စပ်အနီး လောက်ကိုင်ကနေ ချင်းရွှေဟော်ကို ထွက်ခွာလာစဉ် လူခုနစ်ဦးကို MNDAA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နိုဝင်ဘာ ၂၅ ရက်ကလည်း လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြားက ရွာအပြင်ဘက်မှာ MNDAA တိုက်ခိုက်ရေးသမားတွေက ဆွဲငင်ဖမ်းဆီးနေတဲ့ လူငယ်အများအပြားကို တွေ့ခဲ့ရတယ်လို့ လောက်ကိုင်ကနေ ထွက်ခွာလာတဲ့ ဆရာဝန်တစ်ဦးက နိုဝင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာလနှောင်းပိုင်း လောက်ကိုင်မြို့ကနေ ထွက်ပြေးလာပြီးနောက် နေအိမ်ကို ပြန်ရောက်မလာသေးတဲ့ တခြားလူငယ်ခုနစ်ဦးရဲ့ မိဘတွေက ဒီဇင်ဘာ ၁၂ ရက်မှာ MNDAA ထံ စာတစ်စောင်ထုတ်ကာ လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ချင်းရွှေဟော်အနီးရှိ MNDAA တပ်ဖွဲ့ဝင်တွေက သူတို့ရဲ့သားတွေကို ဦးဆောင်ခေါ်သွားတာ နောက်ဆုံးမြင်ခဲ့ရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ရရှိတဲ့စာမှာ မိသားစုတွေက ရေးသားထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူအားလုံးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် မန်ခိုက်ကျေးရွာက လူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနဲ့ စစ်ဥပဒေတွေအရ မြန်မာနိုင်ငံမှာ နိုင်ငံတကာကမဟုတ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ သက်ဆိုင်တဲ့ စစ်ဘက်အဖွဲ့အစည်းတွေကို ပြန်ပေးဆွဲခြင်းနဲ့ အတင်းအကြပ် လူသစ်စုဆောင်းခြင်းတွေကို တားမြစ်ထားပြီး အဖွဲ့အစည်းတွေဟာ အရပ်သားအားလုံးကို လူသားဆန်စွာ ဆက်ဆံရမယ်လို့ပါရှိပြီး လွတ်လပ်ခွင့်ကို တမင်ချ်ုးဖောက်တာမျိုးဟာ ဒီလိုတောင်းဆိုချက်တွေနဲ့ ကိုက်ညီမှုရှိမနေပါဘူး။

၂၀၂၃ ခုနှစ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာမှာ အရင်နှစ်က ကလေး စုဆောင်းခြင်းနဲ့ အသုံးပြုခြင်းလို့ ကုလသမဂ္ဂက စိစစ်ခဲ့တဲ့ အမှုအများစုအတွက် တပ်မတော်က တာဝန်ရှိကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အစီရင်ခံစာမှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ဟာ ကလေးခုနစ်ဦးအထိ သီးခြားစုဆောင်းထားပြီး တခြားခုနစ်ဦးအထိ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref; Human Rights Watch

ပုံစာ ။ MNDAA ၏ စစ်သားစုဆောင်းနေမှုမြင်ကွင်းများ

Leave a Reply

Your email address will not be published. Required fields are marked *