October 19, 2024

၂၂. ၁၂. ၂၀၂၃
Written by Ye Kyaw

လက်ရှိတွင် ပြည်တွင်းစားဆန်များ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများထက် မြင့်တက်နေသောကြောင့် ဈေးနှုန်းတည်ငြိမ်ရန်နှင့် ထပ်မံမမြင့်တက်စေရန် အရန်ဆန်များ ထပ်မံထုတ်ရောင်းပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ယခု ၂၀၂၃ မိုးစပါးပေါ်ချိန်တွင် ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀၀ လျှင် ကျပ် ၁၈ သိန်းမှ သိန်း ၂၀ ကြား ရောင်းချရန်သတ်မှတ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွက် ဖြစ်သင့်ဖြစ်ထိုက်သော ဆန်ဈေးနှုန်းများ ထုတ်ပြန်ခဲ့ရာ ‌ရွှေဘိုပေါ်ဆန်းဆန်သစ် ၂၄ ပြည်တစ်အိတ်လျှင် အမြင့်ဆုံး ကျပ် ၉၅,၀၀၀ သတ်မှတ်ခဲ့ပြီး ဈေးနှုန်းတက်အကျအား ၁၀ ရာခိုင်နှုန်း ကွာဟမှုဖြင့်သာ ဆောင်ရွက်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။

သို့သော် လက်ရှိတွင် ပြည်တွင်း၌ စားသုံးမှုများသည့် ရွှေဘိုပေါ်ဆန်းဆန်အသစ်သည် တစ်အိတ် ကျပ် ၁၅၅,၀၀၀ အထိ ဖြစ်ပေါ်နေသည့်အတွက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် ရာခိုင်နှုန်း ၆၀ ကျော် မြင့်တက်နေပြီး ရွှေဘိုပေါ်ဆန်းဆန်ဟောင်း ကျပ် ၁၈၀,၀၀၀ ကျော်အထိ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး MT News သတင်းဌာနမှ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ “ဆန်ဈေးနှုန်း ထက်မံ မမြင့်တက်စေရန် အရန်ဆန်များကို ထပ်မံ၍ ဈေးကွက်အတွင်း ထည့်သွင်းရောင်းဖို့ လုပ်နေပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြန်လည်ဖြေကြားခဲ့သည်။

ပြည်တွင်းဆန်ဈေးကွက်အတွင်း ဈေးကွက်လိုအပ်ချက်အရ ဆန်ဟောင်းဈေးနှုန်း ပိုမိုမြင့်တက်နေပြီး ယခု ၂၀၂၃ ခုနှစ် စပါးသစ်မှ ထွက်ရှိသည့် ဆန်အသစ်ဈေးနှုန်းများ ထပ်မံမမြင့်တက်စေရန် ဆောင်ရွက်နေကာ အထူးသဖြင့် ပြည်တွင်းစားဆန်ဖြစ်သည့် ရွှေဘိုပေါ်ဆန်းများကို ဈေးနှုန်းတည်ငြိမ်စေရန် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

“ပေါ်ဆန်းဆန်များကို ဈေးနှုန်းတည်ငြိမ်ဖို့ ဦးစားပေးလုပ်နေပါတယ်။ ဆန်ဈေးနှုန်းကြီးမြင့်နေတာတွေကို ညှိနှိုင်းတာတွေ၊ ဆောင်ရွက်သွားမယ့်အခြေအနေတွေကို မကြာမီထုတ်ပြန်ပေးသွားပါမယ်” ဟု ဦးရဲမင်းအောင်က ပြန်လည်ဖြေကြားထားသည်။

ပြည်ပသို့ တင်ပို့ခြင်းမရှိဘဲ ပြည်တွင်း၌ အဓိကစားသုံးသည့် ပေါ်ဆန်းဆန်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း တစ်အိတ် ကျပ် ၆၀,၀၀၀ ကျော်သာရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၁၈၀,၀၀၀ ကျော်အထိ မြင့်တက်ခဲ့၍ နှစ်နှစ်အတွင်း ရာခိုင်နှုန်း ၂၀၀ ခန့် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပုံစာ- ပြီးခဲ့သည့် ဩဂုတ်လဆန်းတွင် ဆန်ကုန်စည်ဒိုင်များ၌ သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေးခဲ့မှုကို တွေ့ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *