October 19, 2024

၂၂. ၁၂. ၂၀၂၃
Written by Hey Mar

ပရဟိတလူနာတင်ကားက လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦးကို တိုက်မိပြီး တိမ်းမှောက်ကာ လူသေမှုဖြစ်ပွားလို့ ယာဥ်မောင်းသူ ထွက်ပြေးသွားပေမယ့် ညတွင်းချင်းပြန်လည် ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဥ် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်မှာ ဒီဇင်ဘာ ၂၁ ရက် ည ၁၁ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ ရင်ဆိုင်အုပ်စု၊ သဲကုန်းကျေးရွာအနီး၊ လူမှုကယ်ဆယ်ရေးယာဉ်တစ်စီး ယမန်နေ့ည ၁၁ နာရီအချိန်ခန့်က လမ်းဘေးထိုးကျ တိမ်းမှောက်နေကြောင်း သတင်းအရ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေက သက်သေတွေနဲ့ အတူ အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးရာ “မွန်မြတ်မေတ္တာ” လူမှုကူညီရေးအသင်းအမည် ရေးသားထားတဲ့ အဖြူရောင်ယာဉ်ကို ရန်ကုန်-ပုသိမ်ကားလမ်းမကြီးရဲ့ ယာဘက်ခြမ်း လမ်းဘေးမှာ ထိုးကျနေတာကို တွေ့ရှိရပြီး အဆိုပါ ယာဉ်ဟာ လေကာမှန်ကွဲကြေပျက်စီးနေကာ၊ ယာဉ်အမိုးပေါ်မှာတပ်ဆင်ထားတဲ့ မီးတန်းတွေ ကြေမွချိုင့်ဝင်​ပျက်စီးနေတာ၊ ကားနောက်ဖုံးမှန်လည်း ကြေမွပျက်စီးနေတာ တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ကားရဲ့ အောက်ပိုင်းကိုဆက်လက်စစ်ဆေးရာမှာ အစိမ်းရောင်ကွက်စိပ်ပုဆိုးအပိုင်းအစကို ယာဉ်အောက်ဖက်ကြား ညပ်လျက်သားတွေ့ရှိရတာကြောင့် အနီးအနားကို ဆက်လက်ရှာဖွေရာ ယာဥ်နဲ့ ပေ ၇၀ ခန့်အကွာမှာ အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ဦး လဲကျသေဆုံးနေတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။

အခင်းဖြစ်နေရာကနေ ယာဉ်မောင်းသူ ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် ယာဉ်မှာ ဖော်ပြထားတဲ့ အသင်းဖုန်းနံပါတ်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆက်သွယ်မေးမြန်းရာမှာ ယာဉ်မောင်းသူဟာ မြအေး(၅၆)နှစ်၊ ပုသိမ်မြို့နေသူ ဖြစ်ကြောင်း၊ တစ်ရပ်ကွက်တည်းနေ ကလေးလူနာတစ်ဦးကို ရန်ကုန်မြို့မှာ ဆေးကုသဖို့ လိုက်လံပို့ဆောင်ကြောင်း သိရှိရတာကြောင့် တာဝန်ရှိသူတွေက ပုသိမ်မြို့ရဲစခန်းနဲ့ ချိတ်ဆက် ဆက်သွယ်ဆောင်ရွက်ခဲ့ကာ ညတွင်းချင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ ပြစ်မှုကျူးလွန်သူကို ရဲက စစ်ဆေးမေးမြန်းရာမှာ အခင်းဖြစ်နေရာမှာ လမ်းဖြတ်ကူးသူကို အရှိန်မထိန်းနိုင်ဘဲ တိုက်မိပြီး၊ ကားဟာ လမ်းဘေးခြုံအတွင်း ထိုးကျတိမ်းမှောက်ခဲ့ကြောင်း၊ ၎င်းကလည်း ကြောက်လန့်ထွက်ပြေးခဲ့ကြောင်း ထွက်ဆိုခဲ့တာကြောင့် တရားခံကို ကျောင်းကုန်းမြို့မရဲစခန်းက ယာဉ်(ပ) ၂၂/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၀၂ နဲ့ အမှုဖွင့်အရေးယူထား​တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *