October 20, 2024

သေနတ်သမားက ဖခင်ဖြစ်သူကိုပါ သတ်ခဲ့ဟုလည်း သိရ

၂၂. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

ချက်သမ္မတနိုင်ငံ၏ မြို့တော် ပရာ့ဂ်တွင် ဒီဇင်ဘာ ၂၁ ရက်က ပရာ့ဂ်တက္ကသိုလ်၌ သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံးလူ ၁၄ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့မှုတစ်ရပ်ဖြစ်ပွားခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။

အဆိုပါပစ်ခတ်သူသေနတ်သမားက ယခင်အပတ်အတွင်းကလည်း တောအုပ်တစ်ခုအတွင်း လူနှစ်ဦးကိုသတ်သွားခဲ့သူဟု သံသယရှိရကြောင်းလည်း သိရသည်။ ရဲတပ်ဖွဲ့အကြီးအကဲများက သေနတ်သမားမှာ အသက် ၂၄ နှစ်ရှိ ပရာ့ဂ်တက္ကသိုလ်၊ ဝိဇ္ဇာဘာသာရပ်တွဲမဟာဌာနမှ ကျောင်းသားတစ်ဦးပင်ဖြစ်ပြီး ၎င်း၏ဖခင်အရင်းကိုလည်း ထိုလူ အစုလိုက် အပြုံလိုက်ပစ်ခတ်မှုမတိုင်မီကပင် ပစ်သတ်ခဲ့သည်ဟုပြောခဲ့ကြသည်။ ၎င်းပစ်ခတ်မှုမတိုင်မီ ပရာ့ဂ်မြို့မှ ၁၃ မိုင်အကွာရှိ ၎င်း၏ဇာတိ ဟော့စတောင်ရွာလေး၌ လူတစ်ဦး၏အလောင်းကိုတွေ့ရှိခဲ့ရာတွင် သေနတ်သမား၏ဖခင်အရင်းဟုသိရပြီး ရဲတပ်ဖွဲ့က သေနတ်သမားဖြစ်သူမှာ မိမိကိုယ်မိမိသတ်သေရန်ရည်ရွယ်ချက်ဖြင့် ပရာ့ဂ်မြို့သို့ ထွက်ခွာလာသည်ဟု ရဲတပ်ဖွဲ့က သတင်းများရခဲ့သည်။

ပစ်ခတ်မှုဖြစ်ပွားသည်နှင့် လူအများအပြား ထိုနေရာမှ ထွက်ပြေးခဲ့ကြပြီး ကျောင်းသားရှစ်ဦးဆိုလျှင် အဆောက်အအုံတစ်ခု၏ အပြင်ဘက်နံရံ အထက်ဘက်တွင် အပြင်သို့ထွက်နေသောကြွက်လျှောက်တန်းကဲ့သို့ အတန်းတစ်ခုပေါ်တွင် ပုန်းအောင်းနေကြသည်ကို တွေ့ကြရသည်။ပစ်ခတ်သံများ ကြားရသည်နှင့် အချို့စာသင်ခန်းများဆိုလျှင် ကြောက်ရွံ့ပြီး တံခါးများပိတ်ကာ သော့ခတ်ခဲ့ကြသည်ဟု လည်း သိရသည်။

မျက်မြင်သက်သေတစ်ဦးက သေနတ်သမားမှာ အဆောက်အအုံတစ်ခု၏ လသာဆောင်မှအနီးရှိတံတားတစ်ခုဘက်သို့ ပစ်ခတ်ခဲ့ကြောင်းပြောခဲ့သည်။ ပစ်ခတ်မှုဖြစ်ပွားရာနယ်မြေမှာ ဂျန်ပါလာ့ချ်ရင်ပြင်နယ်မြေအတွင်း တည်ရှိပြီး မြို့ဟောင်းနယ်မြေနှင့်လည်းနီးစပ်ကာ အထူးသဖြင့်ခရစ္စမတ်ရက်များ၌ လာရောက်လည်ပတ်သူများပြားရာနေရာလည်းဖြစ်သည်။

ရဲတပ်ဖွဲ့နှင့်ပစ်ခတ်မှုများအတွင်း သေနတ်သမားမှာလည်း သေဆုံးခဲ့ကြောင်း သိရသည်။ သို့သော် ၎င်းကိုယ်၎င်း ပစ်သတ်သွားခြင်းလော (သို့မဟုတ်) ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကြောင့်သေဆုံးခြင်းလော ရှင်းလင်းစွာမသိရသေးပေ။ စုံထောက်များ က ပစ်ခတ်မှုဖြစ်ပွားရာနေရာကို စစ်ဆေးမှုများချက်ချင်းပြုလုပ်နေကြပြီး သေနတ်သမားနှင့်ဆက်စပ်နေသည်ဟု ယူဆရသော Telegram လူမှုကွန်ရက်မှ အကောင့်တစ်ခုအားစစ်ဆေးနေကြကြောင်း သိရသည်။

ထိုပစ်ခတ်မှုက ဆယ်စုနှစ်ပေါင်းများစွာအတွင်း ချက်သမ္မတနိုင်ငံ၌ အဆိုးဝါးဆုံးသော လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုလည်းဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့ကြသည်။

Ref——Independent, CNN

Leave a Reply

Your email address will not be published. Required fields are marked *