October 20, 2024

ဒီဇင်ဘာလလယ် စက်သုံးဆီအကျပ်အတည်းကာလဖမ်းမိမှုက ဂါလန် ၅၇၃၀၀ ကျော်ဖြင့် စုစုပေါင်းဖမ်းမိမှု၏ ရာခိုင်နှုန်း ၈၀ ကျော် ရှိနေ

၂၂. ၁၂. ၂၀၂၃
Written by Nyein Kyaw

တရားမဝင်စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရောင်းချမှုများအား စိစစ်အရေးယူဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် သုံးလအတွင်း ကျပ် ၇၃၅ သန်းကျော်တန်ဖိုးရှိ တရားမဝင် စက်သုံးဆီ စုစုပေါင်း ၆၉,၉၀၉ ဂါလန်ခန့် ဖမ်းဆီးရမိခဲ့ပြီး ဒီဇင်ဘာလ စက်သုံးဆီ အကျပ်အတည်းကာလတွင် ယင်းပမာဏ၏ ရာခိုင်နှုန်း ၈၀ ကျော်အထိ အများဆုံး ဖမ်းမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ စိစစ်အရေးယူမှုများကို အောက်တိုဘာ ၅ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလအတွင်း တရားမဝင်စက်သုံးဆီ ဂါလန် ၉,၈၀၀ ကျော် (ချက်ဆီအမျိုးအစား)ကို ဖမ်းဆီးရရှိခဲ့ကာ နိုဝင်ဘာလအတွင်း တရားမဝင် ချက်ဆီနှင့် စက်သုံးဆီ ဂါလန် ၁၂၀၀ နီးပါးသာ ဖမ်းဆီးရရှိခဲ့သည်။

ပြည်တွင်း၌ စက်သုံးဆီအရောင်းဆိုင်များ ဆီပြတ်လပ်မှုဖြစ်ခဲ့သည့် ဒီဇင်ဘာလဆန်းနှင့် လအလယ်အတွင်း တရားမဝင် စက်သုံးဆီဂါလန် ၅၇,၃၀၀ ကျော်အထိ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းပမာဏ၏ ရာခိုင်နှုန်း ၈၀ ကျော်အထိ အများဆုံး ဖမ်းဆီးရမိခဲ့သည်။ ဒီဇင်ဘာလအတွင်း ဖမ်းဆီးရမိမှုသည် မန္တလေး၊ ရန်ကုန်၊ ဧရာဝတီနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် အများဆုံး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့်အခြေအနေများကို ဖော်ပြထားချက်အရ စက်သုံးဆီအကျပ်အတည်းဖြစ်ခဲ့သည့် ဒီဇင်ဘာလအတွင်း မော်တော်ယာဉ်နောက်ခန်းတွင် မောင်းဆီတိုင်ကီနှင့် ပိုက်သွယ်တန်းထားသော ဂါလန် ၁၅၀ ဆံ့ ပလပ်စတစ်ပေပါများနှင့် ဆီခိုးထုတ်ခြင်း၊ ဆီလှောင်ကန်များတွင် တရားမဝင်လှောင်ထားခြင်း၊ စက်သုံးဆီအရောင်းဆိုင်တွင် ဆီရောင်းချမပေးဘဲ ဆီသယ်ယာဉ်များဖြင့် အခြားနေရာသို့ ပို့ဆောင်ခြင်း စသည်တို့ကို အများဆုံးဖမ်းမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ သုံးလအတွင်း ဖမ်းဆီးရမိခဲ့မှုများအား အရေးယူမှုများအဖြစ် စက်သုံးဆီသယ်ယာဉ် ၁၁ စီးနှင့် တရားမဝင်လိုင်စင်မဲ့ စက်သုံးဆီလှောင်ကန်များ အပါအဝင် ဖြန့်ဖြူးရောင်းချရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားသည့်အပြင် စက်သုံးဆီရှိလျက် ဆီမရောင်းချပေးသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး မြို့နယ်အချို့ရှိ စက်သုံးဆီအရောင်းဆိုင် ၁၆ ဆိုင်တို့ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ စီမံခန့်ခွဲရေးနည်းလမ်းအရ သတ်မှတ်ဒဏ်‌ကြေး တပ်ရိုက်ခြင်း၊ လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းပြီး စက်သုံးဆီဆိုင်ကို ယာယီပိတ်သိမ်းခြင်းများ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *