October 20, 2024

၂၂. ၁၂. ၂၀၂၃
Written by Nay Moe

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့၊ ယွန်းဒလင်းကုန်းကျေးရွာအုပ်စု၊ ကော့ကမယ်ကျေးရွာရှိ ကိုးနဝင်းစေတီဘုရားပွဲ ကျင်းပနေချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗုံးပေါက်ကွဲမှုကြောင့် အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးသေဆုံးခဲ့သလို လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ဖြစ်စဥ်ဟာ ကိုးနဝင်းစေတီဘုရားပွဲကို ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၁ ရက်အထိ ဇာတ်သဘင်တွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့ ကျင်းပနေချိန် ဒီဇင်ဘာ ၂၁ ရက် ၁၀ နာရီဝန်းကျင်မှာ ဇုတ်သုတ်ရွာဘက်ကနေမောင်းနှင်လာတဲ့ဆိုင်ကယ်တစ်စီးပေါ်က အမျိုးသားနှစ်ယောက်က ဆိုင်ကယ်အပ်ဆိုင်နားအရောက် လက်ပစ်ဗုံးနဲ့ပစ်တာကြောင့် ဆိုင်ကယ်အပ်ဆိုင်က အသက် ၁၇ နှစ်အရွယ် ကိုဥက္ကာကျော်ဆိုသူဟာ တစ်ကိုယ်လုံးဒဏ်ရာတွေ အပြည့်နဲ့ သေဆုံးသွားသလို ဦးကျော်မင်းထိုက် ဦးသူလင်း၊ ဦးသိုက်စိုး၊ ဦးအောင်စိုးသန့်ဆိုသူ အသက် ၄၀ ကျော်အမျိုးသားလေးဦးဟာ ဗုံးစထိမှန်ဒဏ်ရာတွေ နေရာအနှံ့ရရှိခဲ့တာဖြစ်ပါတယ်။

“မြန်မာပြည်က ဘုရားပွဲတိုင်း အပျော်ဆော့တဲ့ လောင်းကစားဝိုင်းတွေ ပါတတ်တာထုံးစံပဲ။ လုပ်ချင်တယ်ဆို သတ္တိရှိတယ်ဆို လောင်းကစားဝိုင်းတွေလုပ်ပေါ့။ အဲဒီလိုနေရာကြတော့ လုံခြုံရေးတွေရှိနေတတ်လို့ မလုပ်ရဲဘဲ ဘာမှမဆိုင်တဲ့ဆိုင်ကယ်အပ်ဆိုင်ကို ဗုံးနဲ့လာပစ်သွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မွန်ပြည်နယ်က PDF တွေဟာ ဘုရားပွဲတွေကို တိုက်ခိုက်လေ့ရှိပြီး ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်ကလည်း မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဒေါက်တာအေးဇံရဲ့ ကိုယ်ရေးအရာရှိဖြစ်ခဲ့တဲ့ ရဲပြေးအေးမင်းထွန်းရဲ့ KRF အဖွဲ့က ကမ္ဘာကျော် ကျိုက်ထီးရိုးဆံတော်ရှင်ဘုရား တောင်တက်ဂိတ်ကို လာရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုရားဖူးပြည်သူလေးဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရမှုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *