October 20, 2024

MT News
၂၂. ၁၂. ၂၀၂၃

ဂျပန်ရောက် မြန်မာလုပ်သားတစ်ဦးကို တစ်လ ယန်း ၂၀၀၀ ဝင်ငွေခွန်ကောက်ခံမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများ၏ လစာဝင်ငွေအပေါ် ဝင်ငွေခွန်ကောက်ခံမည့်အစီအစဉ်နှင့်ပတ်သက်၍ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးကြေညာသည်။

ပြည်ပတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့်ရရှိသည့် စုစုပေါင်းလစာဝင်ငွေအပေါ် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ ဝင်ငွေခွန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်းနှင့် ဝင်ငွေခွန်ထမ်းဆောင်ရာ တွင် လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာထားပြီးဖြစ်၍ ဂျပန်နိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ဝင်ငွေခွန်များ ပေးဆောင်ကြရမည်ဖြစ်သည်။

ထို့ကြောင့် ဂျပန်နိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအတွက် တစ်လပျမ်းမျှဝင်ငွေအား ယန်း ၂၀၀,၀၀၀ နှုန်း သတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ ယန်း ၄,၀၀၀ သတ်မှတ် သွားမည်ဖြစ်သည်။ အဆိုပါ ယန်း ၄,၀၀၀ အနက် သက်သာခွင့်အဖြစ် ယန်း ၂,၀၀၀ သတ်မှတ်ပေးသွားမည်ဖြစ်ရာ လစဉ်ဝင်ငွေခွန်အဖြစ် ယန်း ၂,ဝဝဝ ပေးဆောင်ရမည် ဖြစ်သည်။

သတ်မှတ်ထားသည့် တစ်လပျမ်းမျှဝင်ငွေ ယန်း ၂၀၀,၀၀၀ ထက် လျော့နည်းရရှိသူများအနေဖြင့် အထောက်အထားများဖြင့် တင်ပြလာပါက ၎င်းတို့ အတွက် တစ်လပျမ်းမျှ ဝင်ငွေအား ယန်း ၁၅၀,၀၀၀ နှုန်း သတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်း အရ ယန်း ၃,၀၀၀ သတ်မှတ်သွားမည်ဖြစ်သည်။ အဆိုပါ ယန်း ၃,၀၀၀ အနက် သက်သာခွင့်အဖြစ် ယန်း ၂,၀၀၀ သတ်မှတ်ပေးသွားမည်ဖြစ်ရာ လစဉ်ဝင်ငွေခွန်အဖြစ် ယန်း ၁,၀၀၀ ပေးဆောင်ရမည် ဖြစ်သည်။

တိုကျိုမြို့၊ မြန်မာသံရုံးအနေဖြင့် ဝင်ငွေခွန်ပေးဆောင်မှုဆိုင်ရာ ပြေစာ အထောက်အထားများထုတ်ပေးမည်ဖြစ်သလို အခွန်ထမ်းနိုင်ငံသားမှ သတ်မှတ်ကာလ တစ်ခုအတွင်း သံရုံးတွင်ပေးဆောင်ခဲ့သည့် ဝင်ငွေခွန်ပေးဆောင်မှုဆိုင်ရာ အထောက် အထားလက်မှတ် ထုတ်ပေးရန် လျှောက်ထားလာပါက ၎င်းအနေဖြင့် သံရုံးတွင် အမှန်တကယ်ပေးဆောင်ခဲ့သည့် ဝင်ငွေခွန်ပမာဏနှင့် ပျမ်းမျှဝင်ငွေပမာဏတို့ဖြင့် ထောက်ခံစာထုတ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *