October 20, 2024

၂၁. ၁၂. ၂၀၂၃
Written by Ye Kyaw

စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို ဒီဇင်ဘာ ၁၈ ရက်တွင် ပထမဆုံးအကြိမ် ဒေါ်လာ ၉ ဒသမ ၇၂ သန်း ရောင်းချပေးခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက် (ယနေ့)တွင် ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း ထပ်မံရောင်းချပေးခဲ့၍ ရောင်းချပေးခဲ့သည့် နှစ်ကြိမ်အတွင်း စုစု‌ပေါင်း ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းအထိ ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ (ဒေါ်လာ) ရောင်းဝယ်မှုတွင် ဈေးနှုန်းသတ်မှတ်ခြင်းမပြုတော့ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ‌ရောင်းချခွင့်ကို ဒီဇင်ဘာ ၅ ရက်တွင် ကြေညာခဲ့ပြီးနောက် သွင်းကုန်လုပ်ငန်းရှင်များ ‌ဒေါ်လာဝယ်ယူရေး အခက်အခဲများဖြစ်ခဲ့ပြီး အထူးသဖြင့် စက်သုံးဆီလုပ်ငန်းရှင်များ သီလဝါဆိပ်ကမ်းနှင့် ရန်ကုန်မြစ်ဝအထိ ဆီတင်င်္ဘောများ ရောက်ရှိနေသော်လည်း လက်ကျန်ငွေမချေနိုင်၍ ဆီမချပေးသည့် အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

သီလဝါ Terminal များမှ ဆီထုတ်ရန် ခက်ခဲနေမှုများကြောင့် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့နှင့် အခြားသော တိုင်းနှင့်ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ ဈေးနှုန်းများ မဖွင့်လှစ်ဘဲ ဆီမရောင်းချပေးသည့်အပြင် ယခင်ကဲ့သို့ တန်းစီ၍ပင် ဝယ်ယူမရသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့ပြီး ဆီဆိုင်များကို ဆီရရှိစေရန် ဆောင်ရွက်ပေးမှုတို့ကြောင့် ဒီဇင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ ဆီအရောင်းဆိုင်များ ပုံမှန်အတိုင်း ပြန်လည်ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများကို ဒေါ်လာများ ထုတ်ရောင်းပေး၍ ဒေါ်လာဝယ်ယူရေး အခက်အခဲများကို ဖြေရှင်းပေးခဲ့ခြင်းဖြစ်ပြီး ထို့အတူ ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းအထိ လွတ်လပ်စွာ ရောင်းချနိုင်ရန် ခွင့်ပြုပေးခဲ့ကာ စက်မှုဇုန်များအတွက် လိုအပ်သည့် စက်သုံးဆီများကို အဆိုပါပို့ကုန်ရမှ မိမိအစီအစဉ်အတိုင်း ဝယ်ယူရန်နှင့် ဒေါ်လာလိုအပ်ခဲ့ပါကလည်း ဗဟိုဘဏ်မှ စိုက်ထုတ်ပေးထားမည်ဖြစ်ကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *