October 21, 2024

၂၁. ၁၂. ၂၀၂၃
Written by Ye Kyaw

စက်သုံးဆီများကို ဈေးနှုန်းအတက်အကျ စောင့်ဆိုင်းပြီး ထုတ်ယူမှုများ မဖြစ်ပေါ်စေရန် သွင်းကုန်ကုမ္ပဏီများ အောက်မှ ဝယ်ယူခွင့်ရရှိသည့် ဆီဆိုင်/ကုမ္ပဏီများ၊ SMEs ဆီဆိုင်များအနေဖြင့် စက်သုံးဆီမှာယူထားသည့်ခွဲတမ်း PO (Purchase Order) များအား သုံးရက်အတွင်း ထုတ်ယူရန် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA)က ဒီဇင်ဘာ ၂၀ ရက်နေ့ ရက်စွဲဖြင့် အသိပေး ထုတ်ပြန်ထားသည်။

“PO ထွက်တိုင်း ဇယားပေါ်မှာ အဲဒါပါ ပါပြီးသားလေ။ သုံးရက်အတွင်း ထုတ်ရမှာပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီဟာတွေ ရက်အရှည်ကြီး ပေးလိုက်ရင် သိတယ်မဟုတ်လား။ ဘယ်လိုလဲဆိုတော့ ဈေးပေါ်မှာမူတည်ပြီး မထုတ်တာတွေ မပြုတာတွေ ဖြစ်လာနိုင်တယ်။ ပြီးတော့ စာရင်းဇယားလုပ်ရတာလည်း ခက်သွားနိုင်တယ်” ဟု MPTA ၏ တာဝန်ရှိသူက MT News သို့ ပြောသည်။

ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ စုစုပေါင်း ၃ ရက်၏ ပျှမ်းမျှ PTSC လက်ကား ရည်ညွှန်းဈေးဖြင့် သက်ဆိုင်ရာရောင်းချပေးသည့် ကုမ္ပဏီများသို့ ဒီဇင်ဘာ ၂၂ ရက် နောက်ဆုံးထား၍ ဆက်သွယ်ပေးသွင်းရန်နှင့် ငွေပေးသွင်းခြင်းမရှိပါက ရောင်းချသည့်ကုမ္ပဏီမှ ၎င်း PO အား ပယ်ဖျက်ခွင့်ပြုကြောင်း ဖော်ပြထားသည်။

PO ခွင့်ပြုမှုသည် ထုတ်ယူမည့်နေ့အလိုက် PO သက် တမ်း (၃) ရက် ရရှိမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၀ ရက်အတွက် PO များကို ဒီဇင်ဘာ ၂၂ ရက်အထိ ထုတ်ယူရမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ ဒီဇင်ဘာ ၂၁ ရက်အတွက် PO များကို ဒီဇင်ဘာ ၂၃ ရက်အထိ ထုတ်ယူရမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၄ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ ထို့အတူ ဒီဇင်ဘာ ၂၂ ရက်အတွက် PO များကို ဒီဇင်ဘာ ၂၄ ရက်အထိ ထုတ်ယူရမည်ဖြစ်ကာ ဒီဇင်ဘာ ၂၅ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *