၂၀. ၁၂. ၂၀၂၃
Written by Nyein Kyaw
ကျောက်တံခါးမြို့၊ သူဌေးကုန်းကျေးရွာအတွင်းသို့ PDF များက Drone သုံး၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးပြီး ၂ နှစ်သားအရွယ် ကလေးတစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ဒီဇင်ဘာ ၁၉ ရက် (ယမန်နေ့) ညနေ ၅ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းရွညအတွင်းသို့ PDF များက ကျေးရွာ၏ အရှေ့မြောက်ဘက် သုံးမိုင်ခန့်အကွာ အမြင့်မီတာ ၅၀၀ ခန့်မှ Drone အသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း Drop Bomb တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ရာ အဆိုပါကျေးရွာနေ အပြစ်မဲ့ပြည်သူ အမျိုးသမီးနှစ်ဦး ဗုံးစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကာ အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်အား ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခံယူစေလျက်ရှိကြောင်းနှင့် အပြစ်မဲ့ပြည်သူများ သေဆုံးထိခိုက် ဒဏ်ရာများ ရရှိအောင် လုပ်ဆောင်သူများအား ထိရောက်စွာအရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။