October 19, 2024

၂၁. ၁၂. ၂၀၂၃
translated by Htwe Ko Tun

ပြစ်ဒဏ်ချမှတ်ခံထားရသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်ထရာသည် ခြွင်းချက်အားဖြင့် သတ်မှတ်ချက်နှင့်ကိုက်ညီသော အကျဥ်းသားများအားချုပ်နှောင်ခြင်းဆိုင်ရာ ခွင့်ပြုထားသော စည်းမျဥ်းသစ်အရ ပြစ်ဒဏ်ကာလကို ထောင်၏ပြင်ပတွင်နေထိုင်ရန် အရည်အချင်းပြည့်မီကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဆွမ်ဆက် သက်ဆူတင်က ဒီဇင်ဘာ ၂၀ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

ယခင် အစိုးရအဖွဲ့တွင် တရားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ မစ္စတာ ဆွမ်ဆက်က သက်ဆင်အနေဖြင့် ထို စည်းမျဥ်းသစ်မှ စံသတ်မှတ်ချက်နှင့်ကိုက်ညီသည်ဖြစ် ကြောင်း ပြောခဲ့သည်။ ထိုစည်းမျဥ်းသစ်ကို ဒီဇင်ဘာလ အစောပိုင်းတွင် ပြဌာန်းခဲ့ခြင်းဖြစ်သည်။

စည်းမျဥ်းသစ်အရ ပြစ်ဒဏ်ချမှတ်ခံထားရသော အကျဥ်းသားများအနေဖြင့် ထောင်၏ပြင်ပတွင်သာ နေထိုင်ပြီး ပြစ်ဒဏ်ကိုကျခံရန် အကျဥ်းဦးစီးဌာနက ပြဌာန်းထားသော စည်းမျဉ်းသစ်တွင် သတ်မှတ်ထားသောတောင်းဆိုချက်များနှင့်ကိုက်ညီခြင်းရှိမရှိ ဦးစီးဌာနမှဖွဲ့စည်းထားသောအဖွဲ့က စစ်ဆေးရမည်ဖြစ်သည်။

မစ္စတာ ဆွမ်ဆက်က သက်ဆင်၏ပြစ်ဒဏ်မှာ လေးနှစ်ထက်လျော့နည်းသည်ဖြစ်၍ ၎င်းအနေဖြင့် အများပြည်သူသို့အန္တရာယ်မပြုနိုင်ဘဲ ကျန်ရှိသေးသော ပြစ်ဒဏ် ကာလတိုတောင်း၍ ၎င်းမှာထောင်ပြင်ပတွင်ပင်နေထိုင်ရန်အရည်အချင်းပြည့်မီကြောင်း ပြောကြားခဲ့သည်။

ဖျူထိုင်းပါတီမှဖြစ်သော ဝန်ကြီး မစ္စတာ ဆွမ်ဆက်က ၎င်းက စည်းမျဥ်းသစ်နောက်ကွယ်တွင် ပါဝင်နေသည်ဆိုခြင်းကို ငြင်းဆိုခဲ့ပြီး စည်းမျဥ်းသစ်က ၂၀၁၇ အကျဥ်းဦးစီးဌာန အက်ဥပဒေနှင့်ကိုက်ညီကြောင်းလည်း ပြောခဲ့သည်။ ထို့ပြင်၎င်းစည်းမျဥ်းသစ်က သက်ဆင်၏အကျိုးအတွက် သီးသန့်ပြဌာန်းခဲ့ခြင်းမဟုတ်ကြောင်းလည်းဆက်လက်ပြောခဲ့သည်။

အသက် ၇၄ နှစ်ရှိပြီဖြစ်သော ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်တွင် ပြည်ပမှ ထိုင်းနိုင်ငံသို့ပြန်ရောက်လာကာ ပြစ်ဒဏ် ရှစ်နှစ်ကျခံရန် တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ထို့နောက်တွင်မူ ဘုရင်မင်းမြတ်က သက်ဆင်၏ ပြစ်ဒဏ်ကို တစ်နှစ်သို့ လျှော့ချအပြစ်ပေးခဲ့သည်။ ထောင်သို့ရောက်ရှိပြီး နာရီပိုင်းအကြာတွင်ပင် သက်ဆင်အား ရဲတပ်ဖွဲ့ဆေးရုံသို့ သြဂုတ်လ ၂၂ ရက်ည၌ တင်ပို့ခဲ့ခြင်းဖြစ်ရာ ယခုအခါ ဆေးရုံ၌ ရက် ၁၂၀ ရှိသွားပြီ ဖြစ်သည်။

မစ္စတာ ဆွမ်ဆက်က ထိုစည်းမျဥ်းသစ်ပါ သတ်မှတ်ချက်များနှင့်ကိုက်ညီ၍ ထောင်ပြင်ပတွင်ပင် ပြစ်ဒဏ်ကျခံနိုင်သူ အကျဥ်းသား ၁၀,၀၀၀ ခန့်ရှိကြောင်းလည်း ပြောခဲ့သည်။

Ref—–Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *