October 19, 2024

၂၁. ၁၂. ၂၀၂၃
Written by Nyein Kyaw

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ မြို့မဈေးအတွင်းသို့ တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းနှင့် ဈေးအတွင်းရှိ ဈေးဆိုင်ခန်းမှ ဂတ်စ်အိုး ပေါက်ကွဲမှုကြောင့် ဈေးမီးလောင်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယနေ့ အသိပေးထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဈေးတစ်ခုလုံး မီးလောင်ဆုံးရှုံးခဲ့ရ‌ကြောင်း တရားမဝင် မီဒီယာများက မဟုတ်မမှန် သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေနေခြင်းဖြစ်သည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ မုန်းမြို့ရှိ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းမှုနှင့် ဒေသခံပြည်သူများ၏ သတင်းပေးမှုအရ ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် ဈေးတွင်းရှိ ဈေးဆိုင်ခန်း ၁ ခန်းမှ ဂတ်စ်အိုးပေါက်ကွဲသဖြင့် ဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း ၂၃၈ ခန်းရှိသည့်အနက် ၂၁၀ ခန်း မီးလောင်ခဲ့ခြင်းသာဖြစ်ကြောင်း တပ်မတော်အနေဖြင့် ပြည်သူလူထုနေထိုင်ရာ နေရာများသို့ မည်သည့်အခါမျှ ပစ်ခတ်တိုက်ခတ်ခဲ့ခြင်း မရှိဘဲ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက်သောင်းကျန်းသူများ၏ ရန်မှ အစဉ်တစိုက် ကာကွယ်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ နယ်မြေခံတပ်ရင်းများနှင့် မြို့ဝင် သံတံတားတို့အား KNLA နှင့် PDF များက အင်အား ၁၅၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကြေညာခဲ့သော်လည်း ဒီဇင်ဘာ ၅ ရက်တွင် တပ်မတော်အနေဖြင့် မုန်းမြို့ရှိ တပ်ရင်းအား လုံခြုံရေး ပြန်လည်‌ဆောင်ရွက်နေသည့်အပြင် ဆုတ်ခွာသွားသော ရန်သူများကိုပါ လိုက်လံချေမှုန်းခဲ့ပြီး သောင်းကျန်းသူများ အကျအဆုံးများခဲ့ကြောင်း SAC ၏ ပြောရေးဆိုခွင့် ရှိသူက ပြောကြားထားသည်။

ယင်းကဲ့သို့ ဆုတ်ခွာသွားပြီးနောက်ပိုင်း ယခုဖြစ်စဉ်တွင် တပ်မတော်အနေဖြင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် မုန်းမြို့မဈေး မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ပရောက်မီဒီယာတချို့မှ မဟုတ်မမှန် သတင်းများ ထုတ်လွှင့်လာခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *