October 19, 2024

MT News
၂၁. ၁၂. ၂၀၂၃

မြိတ်မြို့ ရေပေးဝေရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ဖို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ BBWI & MCPC Co.,Ltd တို့အကြား တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာသဘောတူစာချုပ်(B.O.T)နဲ့ မြေငှားရမ်းခြင်းဆိုင်ရာသဘောတူစာချုပ် (Land Lease Agreement)တို့ကို လက်မှတ်ရေးထိုးချုပ်ဆိုမှု ဒီဇင်ဘာ ၂၀ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြစ်က ရေကိုစုပ်ယူပြီး မြိတ်မြို့ရေပေးဝေရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်ဖို့ မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်နဲ့ Bright Blue Water Corporation Co.,Ltd တို့အကျိုးတူပူးပေါင်းပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ကုမ္ပဏီတို့အကြား ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ စူးစမ်းလေ့လာတဲ့နားလည်မှုမှတ်တမ်း F.S MOU ကိုလက်မှတ်ရေးထိုးခဲ့ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ Swiss Challenge တင်ဒါခေါ်ယူခဲ့ရာမှာ Bright Blue Water International Corporation Co.,Ltd နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်က တင်ဒါအောင်မြင်ခဲ့တာဖြစ်ပါတယ်။

မြိတ်မြို့ရေပေးဝေရေးစီမံကိန်းကို B.O.T စနစ်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ B.O.Tစာချုပ်(မူကြမ်း)ကိုလည်း နိုင်ငံတော်သမ္မတရုံးစိစစ်ရေးအဖွဲ့က စိစစ်ခဲ့ပြီးဖြစ်သလို Bright Blue Water International Corporation Co.,Ltd နဲ့ မြိတ်ကော်ပိုရေးရှင်းအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့က အထူးကုမ္ပဏီ (SPV)အဖြစ် ဖွဲ့စည်းခဲ့တဲ့ BBWI & MCPC Co.,Ltd က စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ပါတယ်။

စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မယ် BBWI Co.,Ltd ဟာ ထိုင်းနိုင်ငံ ခရိုင်(၈)ခရိုင်မှာ ကမ္ဘာ့အဆင့်မီရေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးမှု လုပ်ငန်းအတွေ့အကြုံ (၁၀)နှစ်ခန့် ရှိပြီးဖြစ်သလို မြိတ်ဒေသအတွင်းက လူနေအိမ်တွေနဲ့ စက်မှုလုပ်ငန်းတွေကို ကမ္ဘာ့အဆင့်မီ ရေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးမှာ ဖြစ်ပါတယ်။

မြိတ်မြို့ရေပေးဝေရေးစီမံကိန်းလုပ်ငန်းအတွက် တည်ဆောက်ရေးကာလ ၃ နှစ်ကြာမြင့်မှာဖြစ်ပြီး စီမံကိန်းအကောင်အထည် ဖော်ဆောင်နိုင်ချိန်မှာ ဒေသခံပြည်သူတွေအတွက် ရေကောင်းရေသန့်နဲ့သောက်သုံးရေဖူလုံစွာရရှိနိုင်ပြီး စီးပွားရေးလုပ်ငန်းတွေအတွက် သန့်ရှင်းတဲ့ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့်အပြင် မြိတ်မြို့အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနဲ့ စက်မှုဇုန်စီမံကိန်းအတွက်ပါ ရေကောင်းရေသန့်ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်။

Ref & Photo MOI

Leave a Reply

Your email address will not be published. Required fields are marked *