October 18, 2024

ဘဏ္ဍာရေးကော်မရှင်အစည်းအဝေး ၂/၂၀၂၂ တွင် ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ တက်ရောက်အမှာစကားပြောကြားနေမှုကို တွေ့ရစဉ်

၂၅. ၁၁. ၂၀၂၂

Written by Tha Doe

ဘတ်ဂျက်များ တောင်းခံသုံးစွဲရာတွင် အမှန်တကယ်သုံးစွဲနိုင်ခြင်းမရှိသည့် ထုတ်ယူသုံးစွဲငွေများ များပြားနေသောကြောင့် ပြည်တွင်းချေးငွေ များပြားနေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံတော်၏ ဘတ်ဂျက်သုံးစွဲမှုများအဖြစ် ပြည်ထောင်စု၏ ရငွေမှာ ကျပ် ၂၃၄၃၄ ဘီလျံသာရှိပြီး သုံးငွေမှာ ကျပ် ၃၀၈၃၃ ဘီလျံကျော်ရှိသဖြင့် လိုငွေ ကျပ် ၇၃၉၉ ဘီလျံကျော်ရှိနေသော်လည်း ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများက ဖြည့်စွက်ဘတ်ဂျက်များ ထပ်မံတောင်းခံသဖြင့် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေး ၂/၂၀၂၂ တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖြည့်စွက်ရန်ပုံငွေများကို လိုအပ်ချက်များအရ တောင်းခံကြခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း တောင်းခံကြသည်ကို တွေ့ရှိရသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြန်လည်အပ်နှံသည့် လုပ်ငန်းများ၊ စတင်နိုင်ခြင်းမရှိသေးသည့် လုပ်ငန်းများ၊ ရာနှုန်းပြည့် ပြီးစီးမှုမရှိသည့် လုပ်ငန်းများ ရှိနေသည်ကို တွေ့ရှိရသည်။ အမှန်တကယ် သုံးစွဲနိုင်ခြင်းမရှိသည့် ထုတ်ယူသုံးစွဲငွေများ များပြားနေသောကြောင့် ပြည်တွင်းချေးငွေ များပြားနေခြင်းဖြစ်သဖြင့် တင်ပြတောင်းခံသည့် အတိုင်း လုပ်ငန်းများ အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း SAC ဥက္ကဋ္ဌက သတိပေးပြောကြားသည်။

”ပြည်တွင်း၊ ပြည်ပကြွေးမြီအနေနဲ့ ဒီမိုကရေစီပထမအစိုးရ သက်တမ်းကာလ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၁၆,၂၇၃ ဘီလျံကျပ်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ပြည်တွင်း ပြည်ပ ကြွေးမြီ ၁၈,၁၂၅ ဘီလျံကျပ်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၁,၅၇၅ ဘီလျံကျပ်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၂,၀၃၂ ဘီလျံကျပ်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၇,၉၇၀ ဘီလျံကျပ် ရှိခဲ့ပါတယ်။ ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၈,၈၆၁ ဘီလျံကျပ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၃၄,၆၉၈ ဘီလျံကျပ် ၂၀၁၈ (၆)လ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၃၅၅၅၀ ဘီလျံကျပ်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၄၀,၇၄၉ ဘီလျံကျပ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၄၇,၆၃၆ ဘီလျံကျပ်၊ ၂၀၂၀-၂၀၂၁ (၆လ) ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၅၂,၄၈၈ ဘီလျံကျပ် ရှိခဲ့ပါတယ်။ ပြည်တွင်း၊ ပြည်ပကြွေးမြီတွေဟာ တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်လာတာကို တွေ့ရှိရပါတယ်။ ရေရှည်မှာ ကြွေးမြီခံနိုင်ရည်ရှိမှုကို သုံးသပ်တွက်ချက်ဆောင်ရွက်ဖို လိုအပ်မှာဖြစ်ပါတယ်။ ကျဆင်းနေတဲ့ နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့လာစေဖို ရေရှည် အစီအမံ‌တွေကို ကျွန်တော်တို့ ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။

SAC တာဝန်ယူခဲ့သည့် ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်တွင်မူ ၂၀၂၁ ဒီဇင်ဘာ ၃၁ ရက်အထိ စာရင်းများအရ ပြည်တွင်းကြွေးမြီ ကျပ် ၄၁၃၄၁ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၁၈၂၁၀ ဘီလျံဖြင့် ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၅၉၅၅၁ ဘီလျံဖြစ်လာခဲ့ပြီး ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်ထက် ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၁၂၉၅ ဘီလျံ မြင့်တက်လာခဲ့သည်ဟု စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ဝေသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာအချက်အလက်များတွင် ဖော်ပြထားမှုအရ သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ဖြည့်စွက်ခွင့်ပြုငွေအပါအဝင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် မိမိတို့ကို ခွဲဝေပေးထားသည့် အသုံးစရိတ်များကို ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ အကျိုးရှိရှိ ထိထိရောက်ရောက် ဖြစ်အောင် သုံးစွဲကြရန် မှာကြားလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေများတွင် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန်အတွက် ရန်ပုံငွေများ ခွဲဝေချထားပေးလျက်ရှိရာ လျာထားချက်အတိုင်း လုပ်ငန်းများ အကောင် အထည် ဖော်နိုင်ခြင်း ရှိ၊ မရှိ ခွင့်ပြုရန်ပုံငွေများကို ထိရောက်စွာ သုံးစွဲနိုင်ခြင်း ရှိ၊ မရှိတို့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက စောင့်ကြည့် ကြီးကြပ်၍ အစီရင်ခံစာ များ ပြုစုတင်ပြလျက်ရှိကြောင်း၊ ဖြည့်စွက်ခွင့်ပြုရန်ပုံငွေ တင်ပြတောင်းခံထားသည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်း များကလည်း ရန်ပုံငွေများကို အကျိုးရှိစွာ ထိထိရောက်ရောက် ဖြစ်အောင် သုံးစွဲရန်၊ လျာထားလုပ်ငန်းများကို အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန်၊ လုပ်ငန်း ပြီးစီးမှုနှင့် ငွေကြေးသုံးစွဲမှု ဟန်ချက်ညီစေရန်၊ အရည်အသွေးပြည့်မီစေရန်၊ ပိုလျှံရန်ပုံငွေများနှင့် ဘဏ္ဍာနှစ်အကုန်ထိ သုံးစွဲနိုင်ခြင်းမရှိမည့် ရန်ပုံငွေများကို ဆောလျင်စွာ ပြန်လည် အပ်နှံရန်၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရန်နှင့် နိုင်ငံ့ဘဏ္ဍာရန်ပုံငွေ လေလွင့်ဆုံးရှုံးမှုမရှိအောင် ကြပ်မတ်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်းလည်း SAC ဥက္ကဋ္ဌက မှာကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *