October 19, 2024

၂၁. ၁၂. ၂၀၂၃
Written by Nay Moe

မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို မန္တလေးမြို့ပြ ပြောက်ကျားတော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar – BWM က
ဒီ​နေ့ ဒီဇင်ဘာ ၂၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ စီမံပံ့ပိုးမှုနဲ့ မြို့ပြအထူးစစ်ဆင်ရေး (U.S.O) အောက်က မဟာမိတ်တွေဖြစ်တဲ့ Mandalay Security and Special Task Force (MDY-SSTF)၊ ပြင်ဦးလွင်ခရိုင်ပကဖ နဲ့ No More Dictatorship NMD-PDF စတဲ့ မြို့ပြပြောက်ကျား တော်လှန်ရေး အဖွဲ့တွေပူးပေါင်းပြီး ဒီဇင်ဘာ ၂၁ ရက်၊ မနက် ၂ နာရီ မိနစ် ၃၀ အချိန်မှာ ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။

တိုက်ခိုက်မှု ပစ်မှတ်တွေက မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အထူးရုံး၊ လခရတပ်ဖွဲ့ဝင် နေထိုင်ရာအဆောင်၊ တိုင်းမှူးနဲ့ ဒု-တိုင်းမှူးအဆောင်တို့ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုမှာ ရှော့တိုက်ဒုံး ၆ လုံးထဲက ၁ လုံး ချို့ယွင်းမှုကြောင့် မပေါက်ကွဲခဲ့ဘဲ ကျန် ၅လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို ဆက်လက် စုံစမ်းနေတယ်လို့လည်း ဆိုပါတယ်။

ရှော့တိုက်ဒုံးတွေဟာ ပစ်မှတ်ကို တိတိကျကျထိမှန်တာမျိုးမရှိတဲ့အတွက် ဒီတိုက်ခိုက်မှုမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုထိခိုက်မှုမရှိဘူးလို့ ကနဦးသတင်းတွေအရ သိရသလို တယ်လီဂရန်သတင်းဌာနတွေမှာလည်း မန္တလေးက PDF တွေ ဖမ်းဆီးထားတဲ့ပုံတွေ ပျံ့နှံ့နေပါတယ်။ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ MT News သတင်းဌာနက တာဝန်ရှိသူတွေဆီ ဆက်သွယ်စုံစမ်းနေပြီး အသေးစိတ်သိရတာတွေ ဆက်လက်ဖော်ပြပေးပါမယ်။

ပုံစာ။ မန္တလေးနန်းတွင်းကို ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်နှင့် မန္တလေး PDF များ ဖမ်းမိထားသည်ဆိုသည့်မြင်ကွင်း (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *