၁၉. ၁၂. ၂၀၂၃
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မြို့တော်ဒက်ကာရှိ Tejgaon ရထားဘူတာရုံ၌ ပြေးဆွဲမှုပြုနေသော လူစီးရထား Mohanganj Express ကို မသမာသူ လူရမ်းကားများက ဒီဇင်ဘာ ၁၉ ရက်နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြရာ ကလေးငယ်တစ်ဦးအပါအဝင် ခရီးသည်လေးဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
သေဆုံးသူများအနက် အသက် ၃၅ နှစ်ရှိ မိခင်ဖြစ်သူ နာဒီရာ အက်တာ ပေါ့ပီ မှာ ၎င်း၏သုံးနှစ်သား ကလေးငယ် အမ်ဒီ ရာဆင်နှင့်အတူ သေဆုံးခဲ့ရခြင်းဖြစ်သည်။
မီးသတ်တပ်ဖွဲ့နှင့်မြို့ပြကာကွယ်ရေးဌာန ထိန်းချုပ်ရေးအခန်းအရာရှိ ရာဘီကူလ် ဟာဆန် က “ရထားက Tajgaon ဘူတာက အထွက် နံနက် ၅ နာရီ ၅ မိနစ်လောက်မှာ မီးရှို့ခံရတာပဲ။ သတင်းရတာနဲ့ မီးသတ်ကားနှစ်စီးသွားပြီး မီးငြှိမ်းခဲ့တာ။ နံနက် ၅ နာရီ ၂၅ လောက်မှာ မီးငြိမ်းသွားခဲ့တယ်” ဟုပြောခဲ့သည်။ သေဆုံးသူ လေးဦးစလုံးက ရထားပေါ်တွင်လိုက်ပါလာသောခရီးသည်များဖြစ်ကြောင်းလည်း ၎င်းကပြောခဲ့သည်။
နာဒီရာ ၏မောင်ဖြစ်သူ ဟာဘီဘာ ရာမန် ဟာဘစ်က နာဒီရာမှာ ရှစ်နှစ်အရွယ်ရှိ ဖာဟင်နှင့် သေဆုံးသူ ရာဟင်တို့သားနှစ်ဦးနှင့်အတူ ၎င်းတို့၏ကျေးရွာဖြစ်သော နီထရာကိုနာ ဆာဒါ ခရိုင်ခွဲရှိ ဘာရုနာရွာသို့ ဒီဇင်ဘာ ၃ ရက်တွင် သွားရောက်လည်ပတ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ယနေ့ ဒီဇင်ဘာ ၁၉ ရက်တွင် ဒက်ကာမြို့သို့ Mohanganj Express ရထားနှင့် ပြန်လာခဲ့ကြခြင်းဖြစ်ကြောင်း ပြောခဲ့သည်။
ထိုရထားက Tajgaon ဘူတာ၌ ရပ်စဉ် ခရီးသည်အချို့ဆင်းသက်ကြကြောင်း၊ ရထားစထွက်သည်တွင် ရထားတွဲ၏နောက်ပိုင်းမှ ရုတ်တရက်မီးစတင်လောင်ခဲ့ကြောင်း၊မီးကတစ်တွဲလုံးသို့ ပျံ့နှံ့လောင်ကျွမ်းခဲ့ကြောင်း၊ ဟာဘီဘာက ဖာဟင်ကိုခေါ်လျက် ရထားပေါ်မှခုန်ချနိုင်ခဲ့သော်လည်း နာဒီရာမှာ သားငယ်ဖြစ်သူ ရာဆင်နှင့် တွဲအတွင်းပိတ်မိကာ မီးလောင်ကျွမ်းသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်ကျွမ်းသေဆုံးသူများ၏အလောင်းများကို ဆေးကောလိပ်ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
Ref: Daily Observer