၂၄. ၁၁. ၂၀၂၂
Written by Pan Ei
တရုတ်နိုင်ငံသည် ကိုဗစ်ကူးစက်မှုကို ကာကွယ်ရန် တင်းကြပ်သော စည်းကမ်းများဖြင့် ထိန်းချုပ်နေသော်လည်း ကပ်ရောဂါ စတင်ဖြစ်ပွားသည်မှစ၍ နေ့စဉ် Covid ဖြစ်ပွားမှုနှုန်းတွင် အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့သည်။
တရုတ်နိုင်ငံ၏ မြို့တော်ဘေဂျင်းနှင့် တောင်ပိုင်းဒေသ၏ ကုန်သွယ်ရေးအချက်အချာဖြစ်သော ကွမ်ကျိုးမြို့အပါအဝင် အဓိကမြို့ကြီး အများအပြားတွင် ရောဂါဖြစ်ပွားမှုများ နေ့စဉ်တိုးလာလျက်ရှိသည်။
ဗုဒ္ဓဟူးနေ့တွင် နိုင်ငံအတွင်း ကူးစက်မှုသည် ၃၁,၅၂၇ ယောက်အထိ ရှိခဲ့သည်ဟု အမျိုးသားကျန်းမာရေးကော်မရှင် (NHC) က ထုတ်ပြန်ခဲ့ပြီး စံချိန်တင်အများဆုံးဟု မှတ်တမ်းတင်ထားသော ဧပြီလ ၁၃ ရက်တွင် ကူးစက်ခံရသူဦးရေ ၂၉,၃၁၇ ယောက် ထက်ကျော်လွန်ခဲ့သည်။
တင်းကျပ်သော လော့ခ်ဒေါင်းများသည် မငြိမ်သက်မှုဖြစ်စဉ်များကို ဖြစ်ပွားစေခဲ့ပြီး တရုတ်နိုင်ငံသည် ၎င်း၏ ကိုဗစ်ကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးပြီးနောက် ရက်သတ္တပတ်များအကြာတွင် ရောဂါဖြစ်ပွားမှုလှိုင်းများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ယခုတွင် မြို့တော် ဘေဂျင်း၌ ရောဂါကူးစက်မှုများ ပြန်လည်မြင့်တက်လာခြင်းကြောင့် အာဏာပိုင်များသည် ခရိုင်အများအပြားတွင် ကန့်သတ်ချက်အချို့ကို အကောင်အထည်ဖော်ခဲ့ပြီး ဈေးဆိုင်များ၊ ကျောင်းများနှင့် စားသောက်ဆိုင်များကို ပိတ်ထားရန် ညွှန်ကြားခဲ့သည်။ အလယ်ပိုင်း Zhengzhou မြို့တွင် နေထိုင်သူ ၆ သန်းအတွက်လည်း သောကြာနေ့မှစတင်၍ ထိရောက်သော လော့ခ်ဒေါင်းချမှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ကြေညာခဲ့သည်။
နိုင်ငံ၏ သက်ကြီးရွယ်အိုများကို ကာကွယ်ရန်အတွက် တင်းကျပ်သော ကန့်သတ်မှုများ လိုအပ်ကြောင်း သမ္မတ Xi Jinping က ပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှုအဆင့်သည် အခြားဖွံ့ဖြိုးပြီးနိုင်ငံများထက် နိမ့်ကျနေကာ အသက် ၈၀ ကျော်သူများ၏ ထက်ဝက်ခန့်သာ ၎င်းတို့၏ အဓိကကာကွယ်ဆေးများကို ထိုးနှံပြီးသားဖြစ်သည်။ ကူးစက်မှုမြင့်မားနေသော်လည်း သေဆုံးနှုန်းမှာမူ နိမ့်ပါးပြီး တရုတ်နိုင်ငံ၌ မေလနောက်ပိုင်းတွင် ကိုဗစ်ကြောင့် သေဆုံးသူ ဦးရေ ၅ ဦးသာရှိသည်ဟု တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံ၏ ပြည်တွင်း၌ နေ့စဉ် COVID-19 ဖြစ်ပွားမှုအရေအတွက်သည် ဗုဒ္ဓဟူးနေ့တွင် ၃၁,၅၂၇ယောက် ဖြင့် စံချိန်တင်မြင့်တက်ခဲ့သည်မှာ တရုတ်နိုင်ငံ၏ လူဦးရေ ၁.၄ ဘီလီယံနှင့် နှိင်းယှဉ်ပါက အနည်းငယ်သာ ဖြစ်သော်လည်း ရှန်ဟိုင်းမြို့အတွင်း အသွားအလာကန့်သတ်မှုအောက်တွင် ဧပြီလလယ်၌ မှတ်တမ်းတင်ထားသည့် အမြင့်ဆုံးပမာဏကိုကျော်လွန်သွားခဲ့ခြင်းဖြစ်သည်။
Ref; BBC