October 19, 2024

၁၉. ၁၂. ၂၀၂၃
Written by Thettant

အမြန်လမ်းမှာ ဒီနေ့မနက်ဖြစ်ပွားတဲ့ ခရီးသည်တင် Express ယာဥ်မီးလောင်မှုဟာ အင်ဂျင်ခန်းကနေ စတင် လောင်ကျွမ်းတာဖြစ်ပြီး တစ်စီးလုံးမီးလောင်ပျက်စီးသွားပေမဲ့လည်း လိုက်ပါလာတဲ့ ယာဥ်မောင်းအပါအဝင် ခရီးသည် ၈ ဦးဘေးကင်းတယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က သိရပါတယ်။

ဖြစ်စဥ်က ဒီနေ့ ဒီဇင်ဘာ ၁၉ ရက် မနက် ၅ နာရီ မိနစ် ၅၀ ခန့်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ်(၂၄၆/၃-၄)ကြား ရန်ကုန်ဘက်ကနေပြီ မန္တလေးဘက် မောင်းနှင်လာတဲ့ Golden Dragon အမျိုးအစား (ဝါ/နီ/ညို) Express ယာဉ်ဟာ ကားနောက် အင်ဂျင်ခန်းက မီးစတင်လောင်ကျွမ်းပြီး လမ်းမကြီးပေါ် ရပ်တန့်သွားခဲ့တာပါ။ ယာဉ်မီးလောင်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာတဲ့ ယာဉ်မောင်းအပါအဝင် အမျိုးသား (၇)ဦး၊ အမျိုးသမီး (၁)ဦး၊‌ စုစုပေါင်း (၈)ဦးတို့မှာ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့လည်း သိရပါတယ်။

ဒီ Express ခရီးသည်ယာဥ် မီးလောင်မှူကို ပေပင်လေးအမြန်လမ်းမီးသတ်စခန်းက မီးငြိမ်းသတ်ယာဉ် (၂)စီး၊ တပ်ဖွဲ့ဝင်(၉) ဦး၊ ဘုရားတောင်းအမြန်လမ်းရဲစခန်းက စခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင်(၇)ဦးတို့က မီးငြှိမ်းသတ်ရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ပေးခဲ့ပြီး မီးလောင်မှုဖြစ်စဥ်က လောင်ကျွမ်းမှုတစ်နာရီအကြာ မနက် ၆ နာရီ မိနစ် ၅၀ မှာ အပြီးသတ်ခဲ့ပြီး ယာဥ်ကတော့တစ်စီးလုံးမီးလောင်သွားခဲ့ပါတယ်။

မနေ့က ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်း သန်းခေါင်ကျော်အချိန်မှာလည်း မိုင်တိုင် (၁၂၉/၇) အနီးမှာ Hono Profia ဘောက်ယာဥ်တစ်စီး ယာဥ်မောင်းအိပ်ငိုက်ပြီး ထန်းပင်ဝင်တိုက်လို့ မီးလောင်မှုဖြစ်ခဲ့သေးပြီး အဲဒီဖြစ်စဥ်မှာလည်း လိုက်ပါလာသူနှစ်ဦး ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *