October 19, 2024

၁၉. ၁၂. ၂၀၂၃
Written by Ye Kyaw

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများအား စတင်ထုတ်ရောင်းပေးလျက်ရှိပြီး ဒီဇင်ဘာ ၁၈ ရက် (ယမန်နေ့)တွင် ဒေါ်လာ ၉ ဒသမ ၇၂ သန်း ရောင်းချပေးခဲ့ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေ (ဒေါ်လာ) ရောင်းဝယ်မှုတွင် ဈေးနှုန်းသတ်မှတ်ခြင်းမပြုတော့ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ‌ရောင်းချခွင့်ကို ဒီဇင်ဘာ ၅ ရက်တွင် ကြေညာခဲ့ပြီးနောက် သွင်းကုန်လုပ်ငန်းရှင်များ ‌ဒေါ်လာဝယ်ယူရေး အခက်အခဲများဖြစ်ခဲ့ပြီး အထူးသဖြင့် စက်သုံးဆီလုပ်ငန်းရှင်များ သီလဝါဆိပ်ကမ်းနှင့် ရန်ကုန်မြစ်ဝအထိ ဆီတင်င်္ဘောများ ရောက်ရှိနေသော်လည်း လက်ကျန်ငွေမချေနိုင်၍ ဆီမချပေးသည့် အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

သီလဝါ Terminal များမှ ဆီထုတ်ရန် ခက်ခဲနေမှုများကြောင့် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့နှင့် အခြားသော တိုင်းနှင့်ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များ ဈေးနှုန်းများ မဖွင့်လှစ်ဘဲ ဆီမရောင်းချပေးသည့်အပြင် ယခင်ကဲ့သို့ တန်းစီ၍ပင် ဝယ်ယူမရသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့ပြီး ဆီဆိုင်များကို ဆီရရှိစေရန် ဆောင်ရွက်ပေးမှုတို့ကြောင့် ဒီဇင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ ဆီအရောင်းဆိုင်များ ပုံမှန်အတိုင်း ပြန်လည်ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများကို ဒေါ်လာ ၁၀ သန်းခန့် ပထမဆုံးအကြိမ် ထုတ်ရောင်းပေးလာခြင်းဖြစ်ပြီး ဒေါ်လာဝယ်ယူရေး အခက်အခဲများကို ဖြေရှင်းပေးခဲ့ခြင်းဖြစ်သည်။

ထို့အတူ ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းအထိ လွတ်လပ်စွာ ရောင်းချနိုင်ရန် ခွင့်ပြုပေးခဲ့ပြီး စက်မှုဇုန်များအတွက် လိုအပ်သည့် စက်သုံးဆီများကို အဆိုပါပို့ကုန်ရငွေမှ မိမိအစီအစဉ်အတိုင်း ဝယ်ယူရန်နှင့် ဒေါ်လာလိုအပ်ခဲ့ပါကလည်း ဗဟိုဘဏ်မှ စိုက်ထုတ်ပေးထားမည်ဖြစ်ကြောင်း စက်မှုဇုန်လုပ်ငန်းရှင်များထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *