၂၄. ၁၁. ၂၀၂၂
Written By Nay Moe
သဘာဝတရားရိပ်သာ သာသနာပြုယာဥ်အား ပစ်ခတ်တိုက်ခိုက်ခဲ့သည်မှာ KNDO (ကရင်အမျိုးသားကာကွယ်ရေးတပ်) ဦးစီးသော ပူရိယက္ခညီနောင်စစ်ကြောင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်တွင် သဘာ၀တရားရိပ်သာမှ ရဟန်းတစ်ပါးသေဆုံးရသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း တိုက်ခိုက်ခဲ့သည့် KNDO အဖွဲက ကြေညာချက် ထုတ်ပြန်ထားသည်။
ပူရိယက္ခညီနောင်စစ်ကြောင်းမှ မြိတ်-ပုလော မိန်းလမ်းမကြီးပေါ် ဖြတ်သန်းမောင်းနှင်မည့် ယာဉ်များကို နိုဝင်ဘာ ၂၄ရက်နေ့မှ စတင်ပြီး ည ၈ နာရီမှ မနက် ၄ နာရီအတွင်း လုံးဝ လုံးဝ ဖြတ်သန်းမောင်းနှင်ခွင့်ပြုတော့မည် မဟုတ်ကြောင်းနှင့် တစ်လတိတိစစ်ဆေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အဆိုပါ သဘာ၀တရားရိပ်သာမှ ဆရာတော်ဦးဇနက္ကအား သတ်ဖြတ်မိသည်ကို စိတ်မကောင်းဖြစ်ရကြောင်း ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။
သဘာဝတရားရိပ်သာမှ သာသနာပြုယာဥ်နှစ်စီးသာသနာပြုခရီးသွားလာနေစဥ် ညအချိန်သွားလာ၍ဟုဆိုကာ PDF များက ပစ်ခတ်တိုက်ခိုက်၍ ရဟန်းတစ်ပါးပျံလွန်တော်မူပြီး လေးဦးဒဏ်ရာရရှိခဲ့သည့်အပြင် ပါဝင်သည့်ပစ္စည်းများ ရှာဖွေယူငင်ခံရမှုနှင့် ခေတ္တဖမ်းဆီးခံရမှုများ ဖြစ်ပွားခဲ့သည့်ဖြစ်စဥ်မှာ နိုဝင်ဘာ ၂၂ ရက်ညက ဖြစ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို သဘာဝ တရားရိပ်သာမှ သံဃာတော်နှစ်ပါး၊ သီလရှင် သုံးပါး၊ အမြဲနေယောဂီများအပါအဝင် ဒါယကာ၊ ဒါယိကာမ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး လေးဦး၊ စုစုပေါင်း ၁၆ ဦး လိုက်ပါလာသည့် မော်တော်ယာဉ် အမျိုးအစား Hi Ace မော်တော်ယာဉ်အမှတ်၊ 2K/—–နှင့် မော်တော် ယာဉ် အမှတ်၊ SN/−−−−နှစ်စီးသည် နိုဝင်ဘာ ၂၂ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ကော့သောင်းမြိုမှ ထားဝယ်မြိုသို ထွက်ခွာခဲ့ရာ ည ၉ နာရီခွဲခန့်တွင် တနင်္သာရီတိုင်းဒေသကြီး ပုလောမြိုနယ် ကဒဲကျေးရွာလမ်းဆုံအနီးသို အရောက်၌ KNDO ၏ ပူရိယက္ခညီနောင်စစ်ကြောင်းက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် မော်တော်ယာဉ်တစ်စီးမှာ လမ်းဘေးသို ထိုးကျခဲ့ ပြီး ကျန်တစ်စီးမှာ ရပ်တန့်သွားခဲ့ကြောင်း သိရသည်။
ညအချိန်သွားလာမှုကြောင့် ပစ်ခတ်သည်ဟုဆိုသည့် အချက်ဖြင့် KNDO ၏ ပူရိယက္ခညီနောင်စစ်ကြောင်းက ပစ်ခတ်တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် သံဃာတော် ဘဒ္ဒန္တဇနက (၂၅)နှစ်သည် ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ပြီး ပျံလွန်တော်မူခဲ့သည်။ ထိုပြင် ဒေါ်အေးသီတာလွင်၊ ဦးနန်းဦးနှင့် ဦးသက် အောင်ဇော်တိုတွင် လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာများ အသီးသီးရရှိခဲ့ကြသည်။ ယင်းနောက် KNDO ၏ ပူရိယက္ခညီနောင်စစ်ကြောင်းက ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ၎င်းတိုအားလုံးအား မော်တော်ယာဉ်ဖြင့် ကဒဲကျေးရွာဘုန်းတော်ကြီး ကျောင်းသို ခေါ်ဆောင်သွားခဲ့ပြီး ဖြစ်စဉ်တွင် ပျံလွန်တော်မူခဲ့သည့် ရဟန်းတော်အား နိုဝင်ဘာ ၂၃ ရက် နံနက် ၈ နာရီခန့်တွင် ကဒဲကျေးရွာသင်္ချိုင်း၌ မြေမြှုပ်သင်္ဂြိုလ်ခဲ့ကာ ဖမ်းဆီးခံခဲ့ရသူများအား မွန်းလွဲပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
KNDO ၏ ပူရိယက္ခညီနောင်စစ်ကြောင်းက သဘာ၀တရားရိပ်သာ၏ သာသနာပြုယာဉ်နှစ်စီးမှ ရဟန်းတစ်ပါးအား သတ်ဖြတ်ခြင်းကို စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း သံဃာ၊ သီလရှင်နှင့် ယောဂီများအား ဖမ်းဆီးခြင်း ပစ္စည်းများအား ရှာဖွေလုယက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ထွက်ပေါ်ခဲ့သော သတင်းများကိုမူ ဖြေရှင်းတောင်းပန်ခြင်း မပြုခဲ့ပေ။
KNDO ၏ ပူရိယက္ခညီနောင်စစ်ကြောင်းက ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဆရာတော်ဦးဇနကမှာ စာသင်သားသံဃာတစ်ပါးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှ စတင်ကာ သဘာ၀တရားရိပ်သာသို့ ရောက်ရှိပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ချိန်မှစတင်ကာ သဘာဝတရားရိပ်သာ၏ ကုသိုလ်ဘဏ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ကာ ၂၀၂၀ ပြည့်နှစ်တွင် ရဟန်းအဖြစ်ခံယူခဲ့သည်ဟု ဆရာတော်ဦးဇနက၏ သာသနာပြုဖက်ရဟန်းတော်များက ရေးသားကြပြီး သဘာဝတရားရိပ်သာဆရာတော် ဦးဥတ္တမသာရကလည်း နိုဝင်ဘာ ၂၂ ရက် ည၊ မြိတ်-ပုလော ကတဲကျေးရွာ ပစ်ခတ်မှုကြောင့် သန်လျင် သဘာဝတရားရိပ်သာမှ ဦးဇနက ပျံလွန်တော်မူရခြင်း၊ ယောဂီ ၃ ဦးဒဏ်ရာရခြင်းဟာ လက်နက်နဲ့ဖြေရှင်းရင် မှားတတ်တယ်ဆိုတဲ့အမှန်တရားအတွက် သေချာတဲ့ သက်သေတစ်ခု ဖြစ်ခဲ့ပါတယ်။
သဘာဝတရားရိပ်သာ ဆရာတော်အရှင်ဥတ္တမသာရရဲ့ ကော့သောင်း၊ ရနောင်း၊ ဘုတ်ပြင်း ဒေသများရှိ ငြိမ်းချမ်းရေးနဲ့ ကယ်ဆယ်ရေး သဘာဝတရားရိပ်သာ အသစ်များ တိုးချဲ့ ဖွင့်လှစ်ရေး ခရီးစဥ်အတွင်း မိမိ၏ အသက်ပါစွန့်လွှတ်၍ ကုသိုလ်ယူသွားသော သံဃာတော် အဖြစ် သဘာဝတရားရိပ်သာ ရဟန်း အရှင်ဇနက အား မှတ်တမ်းတင်အပ်ပါတယ်” ဟု မိန့်ကြားခဲ့ကြောင်းလည်း ဆရာတော်၏ ဝတ်ဖြည့်ကပ္ပိယများ၏ ပြောကြားချက်အရ သိရသည်။