◾ ထိုင်းနိုင်ငံတွင် ကျားကောင်ရေ ၁,၇၀၀ ခန့် ကျားခြံများ၌ ဥပဒေနှင့်မညီ ဖမ်းဆီးမွေးမြူထား
၁၉. ၁၂. ၂၀၂၃
ဤranslated by Htwe Ko Tun
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ကျားခြံတစ်ခုအတွင်း ဖမ်းဆီးမွေးမြူခံထားရသော ကျား ၁၂ ကောင်နှင့် ကျားသစ် သုံးကောင်တို့အား ဒီဇင်ဘာ ၁၆ ရက်က ပထမအသုတ် အနေဖြင့် ကယ်ဆယ်မှုပြုနိုင်ခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောခဲ့ကြသည်။
၎င်းတောရိုင်းတိရစ္ဆာန်များအား ကယ်ဆယ်တွေ့ရှိခဲ့သော ဖမ်းဆီးထားသည့် ကျားခြံအဆောက်အအုံအား ဥပဒေနှင့်မညီ တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုဖြင့် အမှုဖွင့် အရေး ယူခံရမည်ဖြစ်ကာ အစိုးရတာဝန်ရှိသူများက ဒီဇင်ဘာ ၁၆ ရက်တွင် အဆိုပါ ကျားခြံကို တွေ့ရှိခဲ့ကြခြင်း ဖြစ် သည်။
ကယ်ဆယ်ရေးလုပ်ငန်းတွင် ထိုင်းနိုင်ငံ တောရိုင်းတိရစ္ဆာန် မိတ်ဆွေ ဖောင်ဒေးရှင်း (WFFT) မှ တိရစ္ဆာန် ဆေးကုအဖွဲ့များနှင့် တောရိုင်း တိရစ္ဆာန်ကျွမ်းကျင် ပညာရှင်များပူးပေါင်းပါဝင်ခဲ့ကြသည်။ ၎င်းက ထိုင်းနိုင်ငံ သမိုင်းတွင် အစိုးရမဟုတ်သောအဖွဲ့အစည်းများခေါင်းဆောင်သည့် အကြီးမားဆုံးသောကျားကယ်ဆယ်ရေးစစ်ဆင်မှု၏ ပထမအဆင့်ဟုလည်းဆိုကြသည်။ ၎င်းတို့က အဆိုပါကျားခြံမှ စုစုပေါင်း ကျား ၃၅ ကောင်ကယ်ဆယ်နိုင်ရန်လည်း မျှော်မှန်းထားသည်။
ဒီဇင်ဘာ ၁၆ ရက်က ကယ်ဆယ်နိုင်ခဲ့သော တောရိုင်းတိရစ္ဆာန် ၁၅ ကောင်ကိုမူ အရေးပေါ်ဆေးကုသပေးမှုများပြုလုပ်ပေးနေရကြောင်းလည်း သိရသည်။ ၎င်းတို့အနက်ကျား ၁၂ ကောင်က သက်ကြီးပိုင်းအရွယ်များဖြစ်ကာ ကျားသစ်သုံးကောင်မှာလည်း ဖျားနာနေကြသောကြောင့်စိတ်ငြိမ်ဆေးများကျွေးခြင်း၊ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်းနှင့် လှောင်အိမ်များတွင်ထည့်၍ တောရိုင်းတိရစ္ဆာန်သူနာတင်ယာဥ်များသို့ ပို့ဆောင်ခြင်းများပြုလုပ်ခဲ့ကြသည်။
ထိုင်းနိုင်ငံတွင် စုစုပေါင်းကျားကောင်ရေ ခန့်မှန်း ၁,၇၀၀ ခန့်မှာ ဖမ်းဆီးခံရပြီး ဥပဒေနှင့်မညီ ကျားခြံများတွင် မွေးမြူခံထားရကြောင်း သိရသည်။ အဆိုပါကျားခြံများက အငယ်စားများမှသည် အကြီးစားများအထိပါဝင်ပြီး ၎င်းတို့ကကျင့်ဝတ်စည်းကမ်းနှင့်မညီသော တိရစ္ဆာန်ရုံများ(သို့မဟုတ်)ကျားများကို အိမ်မွေးတိရစ္ဆာန်အဖြစ်ပြည်ပမှမွေးလိုသူများသို့ ရောင်းချကြကြောင်း သိရသည်။ ထို့ပြင်ကျားများ၏ခန္ဓာကိုယ်အစိတ်အပိုင်းများကို တရုတ်တိုင်းရင်းဆေးများအတွက် အသုံးပြုရန်လည်းရောင်းချကြကြောင်း သိရသည်။
Ref—-Nation Thailand