၁၉. ၁၂. ၂၀၂၃
Written by Nay Moe
ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို စဥ့်ကူးမြို့နယ်တွင် သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး မြင်းခြံမြို့နယ်တွင်လည်း အမျိုးသားတစ်ဦးကို အကြမ်းဖက်များက သတ်ဖြတ်ကာ ဆိုင်ကယ်လုယက်သွားမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဖြစ်စဥ်များမှာ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ငပြင်းအင်းကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းနိုင် (၅၃)နှစ်သည် စဉ့်ကူးမြို့မှ ငပြင်းအင်း ကျေးရွာသို့ ဆိုင်ကယ်ဖြင့်တစ်ဦးတည်းပြန်လာစဉ် သာယာကုန်းကျေးရွာနှင့် ငပြင်းအင်းကျေးရွာ ကြားအရောက် လားရာတူနောက်မှ ဆိုင်ကယ်နှစ်စီးဖြင့် မောင်းနှင်လိုက်ပါလာသည့် အကြမ်းဖက်သူ အမျိုးသားလေးဦး(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးကျော်ဝင်းနိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၂ နာရီခွဲတွင် မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာအဝင် ဆိုင်းဘုတ်အနီး၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြင်းခြံမြို့နယ်၊ ကျောက်ကန်ကျေးရွာနေ ဦးကျော်သူ(၄၀)နှစ်သည် ၎င်း၏နေအိမ်မှ မြင်းခြံမြို့သို့ဈေးဝယ်ရန် ဆိုင်ကယ်ဖြင့် မြင်းခြံ-မြို့သာကားလမ်းအတိုင်း ထွက်ခွာ လာစဉ် ကားလမ်းမိုင်တိုင်အမှတ် ၄၆၇ မိုင် ၄ ဖာလုံ သစ်ရုံကျေးရွာအဝင်ဆိုင်းဘုတ်အနီးအရောက် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ၎င်းစီးနင်းလာသည့် Scoopy i ဆိုင်ကယ်အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးကျော်သူတွင် ကျည်ထိမှန်ဒဏ်ရာ တစ်ချက်ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။