၁၉. ၁၂. ၂၀၂၃
Written by Pan Ei
တရုတ်နိုင်ငံ ကျင်းဟိုင်း – တိဘက်ကုန်းပြင်မြင့်ရဲ့ မြောက်ဘက်အစွန်းမှာ ရစ်ခ်ျတာစကေး ၆ ဒသမ၂ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု တနင်္လာနေ့ သန်းခေါင်ယံအချိန်ခန့်မှာ လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၁၁ ဦး သေဆုံးပြီး လူ ၂၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တရုတ်အစိုးရမီဒီယာက ဖော်ပြခဲ့ပါတယ်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်ဆူးပြည်နယ်ရှိ ဂျီရှန်းခရိုင်မှာ အနက် ၁၀ ကီလိုမီတာ ( ၆ ဒသမ ၂ မိုင်)ကို ဗဟိုပြုပြီး မနေ့က ည ၁၁ နာရီ ၅၉ မိနစ်က ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ကာ အခုလက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပြီး ငလျင်ရဲ့ နောက်ဆက်တွဲမှာ ပျောက်ဆုံးသူအရေအတွက်ကို မသိရသေးဘူးလို့ သိရပါတယ်။
နောက်ဆုံးငလျင်ရဲ့ ဗဟိုချက်ဟာ ဂန်ဆူးနဲ့ အိမ်နီးချင်းပြည်နယ်ကြား နယ်စပ်က ၅ ကီလိုမီတာအကွာမှာ ဖြစ်ပြီး ကျင်းဟိုင်းပြည်နယ်ရဲ့ နေရာတော်တော်များများမှာ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သလို ပြည်နယ်မီးသတ်ဌာနနဲ့ သစ်တောတပ်ဖွဲ့တို့က ကယ်ဆယ်ရေးဝန်ထမ်း ၂,၂၀၀ ခန့်ကို သဘာဝဘေးအန္တရာယ်ဇုန်သို့ စေလွှတ်ခဲ့ပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့အပြင် ရေ၊ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးနဲ့ တခြား အခြေခံ အဆောက်အအုံတချို့ ပျက်စီးသွားပေမဲ့ အသေးစိတ် အချက်အလက်တွေကို တာဝန်ရှိသူတွေက ပြောကြားခြင်း မရှိသေးပါဘူး။
ဒီနေ့မနက်မှာလည်း ပြင်းအား ရစ်ခ်ျတာစကေး ၃ နဲ့ အထက်ရှိ စုစုပေါင်း နောက်ဆက်တွဲ ငလျင်ကိုးခုလှုပ်ခတ်ခဲ့ပြီး အဲ့ဒီထဲက နှစ်ခုက အနည်းဆုံး ပြင်းအား ၄ အထိရှိခဲ့ကြောင်း CENC က ပြောကြားခဲ့ပါတယ်။
ကျင်းဟိုင်း-တိဘက်ကုန်းပြင်မြင့်ရဲ့ အရှေ့ဘက်နယ်နိမိတ်မှာ တည်ရှိတဲ့ ဂန်ဆူးလိုမျိုး အနောက်ဘက်ပြည်နယ်တွေမှာ ငလျင်လှုပ်တာတွေ အဖြစ်များပြီး မကြာသေးမီ ဆယ်စုနှစ်တွေအတွင်း တရုတ်နိုင်ငံရဲ့ အသေအပျောက်အများဆုံး ငလျင်ဟာ ၂၀၀၈ ခုနှစ်က စီချွမ်မှာ လှုတ်ခတ်ခဲ့တဲ့ ပြင်းအား ၈ ဒသမ ၀ မဂ္ဂနီကျုရှိ ငလျင်ဖြစ်ပြီး လူပေါင်း ၇၀,၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။
Ref; Reuters