October 19, 2024

၁၇. ၁၂. ၂၀၂၃

Written by Nyein Kyaw

ပြည်တွင်း စက်သုံးဆီလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရန် ရေနံချက်စက်ရုံများအား အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ယနေ့တွင် အမှတ် (၁) ရေနံချက်စက်ရုံ(သန်လျင်) ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။

ပြည်တွင်းစွမ်းအင်လိုအပ်ချက်အတွက် ပြည်ပမှ တင်သွင်းပါက ကုန်ကျမည့် ကုန်ကျစရိတ်နှင့် ပြည်တွင်းရှိ စက်ရုံများကို စွမ်းအားပြည့် ပြန်လည် လည်ပတ်ပြီး ပြည်တွင်းစွမ်းအင် လိုအပ်ချက်ကို ထုတ်လုပ်ပါက ကုန်ကျနိုင်မည့် ကုန်ကျစရိတ်တို့ကို တွက်ချက်စဉ်းစား ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေနံချက်စက်ရုံများအား အမြန်ဆုံး ပြန်လည်လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်၍ ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်အား တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်အတွက် SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။

အမှတ် (၁) ရေနံချက်စက်ရုံ(သန်လျင်)ကို မူလအခြေအနေအတိုင်း ပြန်လည် လည်ပတ် ထုတ်လုပ်နိုင်ရေးကို ကနဦးဆောင်ရွက်သွားရန်လိုပြီး နောက်ပိုင်း အဆင့်မြှင့်တင်နိုင်မည့် အခြေအနေများကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်တွင်းစွမ်းအင်လိုအပ်ချက်ကို အထောက်အကူပြုပေးနိုင်မည်ဖြစ်ပြီး အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အမြန်ဆုံးအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယနေ့တွင် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ ဒေသရှိ ပြည်သူများ လူမှုစီးပွားနှင့် သီလဝါအထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေးတို့အပြင် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းမကြီးကို အသုံးပြု၍ ဘားအံ-မြဝတီအထိ ဆက်စပ်သွားလာနိုင်မည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တံတားဆက်ခြင်း အထိမ်းအမှတ် ရွှေမူလီတပ်ဆင်ခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ ရွှေမူလီကို တပ်ဆင်ပေးခဲ့သည်။

အဆိုပါ သန်လျင်တံတားအမှတ်- ၃ စီမံကိန်းလုပ်ငန်းဆောင်ရွက်မှုသည် လက်ရှိအချိန်တွင် လုပ်ငန်းအားလုံး၏ ၉၄ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပြီး ချဉ်းကပ်လမ်းနှင့် တံတားအပေါ် ကတ္တရာကွန်ကရစ်ခင်းခြင်း၊ တံတားလက်ရန်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ၊ Toll Plaza တည်ဆောက်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်သာ ကျန်ရှိမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *