၁၈. ၁၂. ၂၀၂၃
Written by Nyein Kyaw
ပြည်တွင်း ဒေါ်လာဈေး တည်ငြိမ်မှုနှင့် ကမ္ဘာ့ရွှေဈေး သိသိသာသာ ပြောင်းလဲမှုမရှိခြင်းတို့ကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၃၇ သိန်းအောက်သို့ ကျဆင်းလာပြီး ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၆၉၅,၀၀၀ ဖြစ်ပေါ်ခဲ့သည်။
ဗဟိုဘဏ်မှ နိုင်ငံခြားငွေလဲလှယ်နှုန်းအား မထိန်းချုပ်တော့ကြောင်း ဒီဇင်ဘာ ၅ ရက်တွင် ကြေညာပြီးနောက် ဒီဇင်ဘာ ၆ ရက်မှစတင်၍ ဈေးကွက်အတွင်း နိုင်ငံခြား ငွေ (ဒေါ်လာ)များကို လွတ်လပ်စွာ ရောင်းချလာခဲ့ရာ တစ်ဒေါ်လာ ကျပ် ၃၅၀၀ ဝန်းကျင်၌သာ တည်ငြိမ်နေခဲ့ပြီး ယနေ့တွင် ဒေါ်လာဈေးနှုန်း ကျပ် ၃၅၂၀ ဖြစ်ပေါ်ခဲ့သည်။ ထို့အတူ ကမ္ဘာ့ရွှေဈေးသည်လည်း သိသိသာသာပြောင်းလဲမှုမရှိခဲ့ဘဲ ယနေ့တွင် တစ်အောင်စကို ၂၀၂၃ ဒေါ်လာသာ ဖြစ်ပေါ်ခဲ့သည်။
ဗဟိုဘဏ် ထိန်းချုပ်မှုမရှိဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း စတင်ရောင်းချချိန်တွင် တစ်ဒေါ်လာ ကျပ် ၄၀၀၀ မှ ၅၀၀၀ အထိ မြင့်တက်လာနိုင်ဆိုသော ကောလာဟလများကြောင့် ပြည်တွင်းရွှေဈေး ၃၇ သိန်းခွဲကျော်အထိ မြင့်တက်ခဲ့ရာမှ ယနေ့တွင် ကျပ် ၃၇ သိန်းအောက်သို့ ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ရွှေဈေးနှုန်း ၃,၇၁၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၅၃၀ ကျပ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် ရွှေဈေးနှုန်း ၃,၇၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၅၂၅ ကျပ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် ရွှေဈေးနှုန်း ၃,၇၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၅၂၅ ကျပ် ဖြစ်ပေါ်ခဲ့သည်။