၂၄. ၁၁. ၂၀၂၂
Written by Naing Thuta
မန္တလေးမြို့ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး (MEG) ရုံးခွဲတွင် အစိုးရရွှေလာဝယ်သည့် မအေးမြတ်မွန်ထံမှ ကျပ် ၁၈၂ သိန်းအား လုံခြုံရေးဝန်ထမ်းတစ်ဦးက ခိုးယူထွက်ပြေးသွားကြောင်း ကာယကံရှင်ကိုယ်တိုင် ပြောပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၄ ရက် နေ့လည် ၂ နာရီဝန်းကျင်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၆၆ လမ်းနှင့် ၂၆ လမ်း၊ ကျုံးထောင့်ရှိ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး (MEG) ရုံးခွဲ ပထမထပ်တွင် နောင်ချိုမြို့နယ်၊ သဖန်း ကိုင်းကျေးရွာ၌ နေထိုင်သူ အသက် (၃၈)နှစ်အရွယ်ရှိသော မအေးမြတ်မွန်သည် အစိုးရရွှေလာဝယ်ရာတွင် အမည်မသိ လုံခြုံရေးဝန်ထမ်းတစ်ဦးက ဆိုင်အတွင်းလိုက်ပို့ပေးပြီး အတွင်းထဲသို့ရောက်သောအခါ အိတ်အားကူသယ်ပေးမည်ဟု ပြောကာ အိတ်ပိုင်ရှင်အမျိုးသမီးက အရှေ့မှ သွားနေစဉ် အနောက်မှလိုက်ခဲ့သည့်အဆိုပါဝန်ထမ်းသည် အပေါ်ထပ်မရောက် ခင် ဘယ်ဘက်လှေကားမှ ငွေထုတ်ယူကာ ပြေးဆင်းသွားကြောင်း သိရသည်။
” ပြီးခဲ့တဲ့ ရက်သတ္တပတ် နိုဝင်ဘာ ၁၄ ရက်၊ တနင်္လာနေ့ နေ့လည် ၂ နာရီမှာ ကျွန်မပိုက်ဆံအိတ်ခိုးယူခံရတာပါ။ ခိုးတဲ့သူက လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး အရင်ကလည်း ကျွန်မစျေးလာဝယ်တုန်းကတည်းက ခင်မင်ရင်းနှီးခဲ့တာပါ။ လာတိုင်း ဖော်ရွေပျူငှာစွာ ပြောဆိုဆက်ဆံတတ်ပြီး ကျွန်မကိုအရင်ဆုံးရင်းနှီးမှုယူခဲ့ပါတယ်။ ရင်းနှီးလာပြီး ယုံကြည်လောက်ပြီဆိုမှ အခုလိုပိုက်ဆံအိတ်ကို ခိုးယူသွားတာပါ။ အဲဒီနေ့ကလည်း ရုံးအတွင်းထဲရောက်မှ ကျွန်မပိုက်ဆံအိတ်ကို ပေးလိုက်တာပါ။ အပေါ်ထပ်ကို ကျွန်မကအရှေ့ကသွားပြီး သူကနောက်ကနေလိုက်တဲ့အချိန်မှာ အပေါ်ထပ်မရောက်ခင် ဘယ်ဘက်လှေကား ကနေပြေးဆင်းသွားတာပါ။ တွေ့တွေ့ချင်း လှမ်းအော်ပြေးလိုက်တော့ဆိုင်ရှေ့မှ အသင့်စောင့်နေတဲ့ဆိုင်ကယ်ပေါ် ပြေးတက် သွားပါတယ်။ သက်ဆိုင်ရာ ရဲစခန်းကိုလည်း တိုင်ချက်ဖွင့်ပြီးပါပြီ။ အဲဒီခိုးယူသွားတဲ့သူရဲ့ အမည်၊ မှတ်ပုံတင်ကိုလည်း သိထားပြီးပါပြီ။ ဓာတ်ပုံတွေလည်းရထားပါတယ်။ မိဘအမည် နေရပ်လိပ်စာတော့မသိဘူး မရှိဘူးလို့ သူတို့ရုံးက တာဝန်ရှိသူ တွေပြောပါတယ်။ ပါသွားတဲ့ငွေတွေက ကျပ် ၁၈၂ သိန်းကျော်ပါသွားတော့ အခုလိုက်နေတာလည်း မရသေးလို့ မီဒီယာက နေတစ်ဆင့် အကူအညီတောင်းခံတာပါ။ ကုမ္ပဏီက တာဝန်ရှိသူတွေလည်း အတတ်နိုင်ဆုံးလိုက်လုပ်ပေးခဲ့ပေမဲ့လည်း ထိ ရောက်တဲ့ လုပ်ဆောင်ပေးမှုမျိုးမရှိခဲ့ဘူး။ ကျွန်မပိုက်ဆံထည့်ထားတဲ့ ကျောပိုးအိတ်ယူသွားတဲ့သူကို လိုက်လံစုံစမ်းကြည့် တော့ ရီဝေအောင်၊ ၁၁/ အမန(နိုင်) ၁၀၅၆၉၂ ကိုင်ဆောင်တဲ့သူလို့လည်း သိခဲ့ရတယ်။ ရဲစခန်းတိုင်ကြားထားပေမဲ့လည်း အခုထိ တစ်ပတ်ကျော်ကြာသွားတာတောင် ဘာသတင်းမှမရခဲ့လို့ မီဒီယာကနေတဆင့် မိဘပြည်သူများကို အကူညီတောင်းခံ ရခြင်းဖြစ်တယ်။ ကျွန်မလိုနောက်ထပ်အခြားသူများလည်း အဖြစ်မခံရအောင်ရည်ရွယ်ပြီး အခုလိုမီဒီယာကနေချပြရခြင်း ဖြစ်ပါတယ်” ဟု ပျောက်ဆုံးသွားသည့် အမျိုးသမီးမအေးမြတ်မွန်က MT News သတင်းဌာနကို ပြောသည်။
အဆိုပါ ပိုက်ဆံအိတ်ခိုးယူသွားသောသူသည် ၁၁/ အမန(နိုင်) ၁၀၅၆၉၂ ကိုင်ဆောင်ထားသည့် အသက် ၂၀ ဝန်းကျင်ခန့် ရှိသော ရီဝေအောင်(ခ) ဝေယံဟုလည်းသိရပြီး ရခိုင်ပြည်နယ်မှ အလုပ်လာလုပ်ကာ ၎င်းအလုပ်လုပ်သည့်ရုံး၌ပင် နေထိုင်သူ တစ်ဦးဖြစ်ပြီး ပိုက်ဆံအိတ်အားခိုးယူသွားသည့်နေ့မှစပြီး ယခုအချိန်အထိ ပျောက်ဆုံးနေကြောင်းလည်း သိရသည်။
” ပိုက်ဆံအိတ်ခိုးသွားတဲ့သူကိုတွေ့ရင် မိဘပြည်သူတွေအနေဖြင့် မအေးမြတ်မွန် 09 404652802 ကိုဆက်သွယ်ပေးပါ။ကျေးဇူးလည်းထိုက်တန်စွာ ဆက်ပါ့မယ်” ဟုလည်း MT News ကို မအေးမြတ်မွန်က အကူအညီတောင်းခံခဲ့သည်။
၎င်းပိုက်ဆံအိတ်ကိုခိုးယူသွားသာ လုံခြုံရေးဝန်ထမ်းသည် တိုက်ရိုက်အလုပ်ခန့်ထားသူမဟုတ်ဘဲ လုံခြုံရေး အေဂျင်စီတစ်ခုမှ ချိတ်ဆက်ပြီး အလုပ်ခန့်ထားကြောင်းနှင့် အဆိုပါအေဂျင်စီအမည်ကို ပိုက်ဆံအိတ်ပျောက်ဆုံးသွားသော အမျိုးသမီးအနေ ဖြင့်လည်းမသိရှိရပေ။ အလုပ်တိုက်ရိုက်ခန့်ထားသောအေဂျင်စီကိုယ်တိုင် ၎င်းတို့ခန့်ထားသောလုံခြုံရေး ဝန်ထမ်းအား တာဝန် ယူမှုတာဝန်ခံမှုရှိကာ ကူညီဝိုင်းဝန်းဖမ်းပေးစေလိုကြောင်း သူမက ပြောသည်။
ပိုက်ဆံအိတ်ပျောက်ဆုံးသွားသော မအေးမြတ်မွန်ကိုယ်တိုင် ယုံကြည်အောင်ပြောဆိုပြီး ပိုက်ဆံအိတ်ကိုခိုးယူသွားသူအား အမှတ်(၁) နယ်မြေရဲစခန်းတွင် နိုဝင်ဘာ ၁၅ ရက်နေ့က သွားရောက်ပြီး အရေးယူပေးပါရန် တိုင်တန်းထားကြောင်းနှင့် ၎င်း ခိုးယူသွားသူကို ယုံကြည်မှုဖောက်ဖျက်သည့် ပုဒ်မ ၄၀၆ ဖြင့် အဆိုပါရဲစခန်းတွင် တိုင်ကြားအမှုဖွင့်ထားကြောင်းလည်း သိရသည်။