၁၈. ၁၂. ၂၀၂၃
Written by Pan Ei
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ယာဉ်တန်းကို တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၁၇ ရက်) ညက မော်တော်ကားတစ်စီးက ဝင်တိုက်ခဲ့မှုဖြစ်ပွားခဲ့ပေမဲ့ ဘိုင်ဒန်နဲ့ဇနီးကတော့ ဘေးကင်းလုံခြုံခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။
သမ္မတ ဂျိုးဘိုင်ဒန်နဲ့ သမ္မတကတော် ဂျေးဘိုင်ဒန်တို့ဟာ ယာဉ်တိုက်မှုဖြစ်ပွားချိန်မှာ သူတို့ရဲ့ မဲဆွယ်စည်းရုံးရေးဌာနချုပ်ကနေ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ဂျေးဘိုင်ဒန်လည်း အခင်းဖြစ်ပွားပြီးနောက် ဘေးကင်းကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။
ဂျိုးဘိုင်ဒန်နဲ့ သူ့ရဲ့ ပြန်လည်ရွေးကောက်တင်မြှောက်ရေးအဖွဲ့က အဖွဲ့ဝင်တွေနဲ့ စားသောက်ပြီးနောက် မိုးရွာနေချိန် ဝယ်လင်တန်မြို့လယ်ရှိ ဌာနချုပ်ကနေ ထွက်လာချိန်မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ကာ မဲဆွယ်စည်းရုံးရေးဌာနချုပ်ဝင်ပေါက်ကဖြတ်ပြီး လမ်းဆုံမှာရှိနေတဲ့ သမ္မတယာဉ်တန်းကို ငွေရောင်ဆလွန်းတစ်စီးက ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
အဲ့ဒီနောက်မှာ ငွေရောင်ဆလွန်းကားက ဘန်ကာပျက်စီးသွားတာကြောင့် ရပ်တန့်ပြီးနောက် လုံခြုံရေးအရာရှိတွေက အလျင်အမြန် ဝိုင်းရံထားခဲ့ပြီး အေးဂျင့်တွေက ကားကို ဝိုင်းကာ သေနတ်တွေနဲ့ ချိန်ဖို့ပြင်နေခဲ့တာကို ဗီဒီယိုဖိုင်တွေထဲမှာ တွေ့ရပါတယ်။
အဲ့ဒီနောက် ဂျိုးဘိုင်ဒန်တို့ ဇနီးမောင်နှံဟာ အခင်းဖြစ်ပွားပြီးနောက် ဝယ်လင်တန်က သူတို့ရဲ့နေအိမ်ကို ဘေးကင်းစွာ ပြန်လာခဲ့ကြတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
Ref; Reuters