၁၈. ၁၂. ၂၀၂၃
Translated by Htwe Ko Tun
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ၎င်းအနေဖြင့် ဟားမားစ်တို့နှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန် လမ်းဖွင့်ထားပါကြောင်း ဒီဇင်ဘာလ ၁၇ ရက်က ပြောကြားလျက်ရှိသော်လည်း ထိုနေ့၌ပင် ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းရှိ ဂျာဘာလီးယားနှင့် နျူဆီရတ်ဒုက္ခသည်စခန်းများသို့ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၉၀ ဦးသေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ တစ်ဆက်တည်းမှာပင် အစ္စရေးတို့က ပါလက်စတိုင်းတို့၏ ဆေးရုံများကို လေကြောင်းတိုက်ခိုက်မှုများပြုခဲ့သေးကြောင်း သိရသည်။
ဟားမားစ်တို့၏ ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၇ ရက်တွင် အစ္စရေးတို့၏လေကြောင်းတိုက်ခိုက်မှုများက ဂျာဘာလီးယားမြို့ရှိ အယ်လ်ဘာ့ရှ်နှင့် အယ်လ်ဝန် မိသားစုများ၏ လူနေရပ်ကွက်များကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ပါလက်စတိုင်းတို့၏ Wafa သတင်းဌာနက ဖော်ပြခဲ့သည်။ သေဆုံးသူများတွင် အမျိုးသမီးများနှင့် ကလေးငယ်များပါဝင်ပြီး အများအပြားမှာလည်းပျောက်ဆုံးနေကြောင်း Wafa က ဆက် လက်ပြောကြားခဲ့သည်။
ဗုံးဒဏ်ကြောင့် အပျက်အစီးများအောက်တွင်လည်း ဒဏ်ရာရသူနှင့် သေဆုံးသူအများအပြားရှိနေနိုင်သေး သည်ဟု ယုံကြည်ရပြီး ၎င်းတို့အားရှာဖွေလျက်ရှိကြရာ သေဆုံးသူအရေအတွက်မှာ တိုးလာနိုင်သေးကြောင်း သိရသည်။ ကလေးငယ်အများအပြားပါဝင်သော ဒဏ်ရာရသူများကို အနီးပတ်ဝန်းကျင်ရှိဆေးရုံများနှင့် ကျန်းမာ ရေးစခန်းများသို့ သယ်ဆောင်သွားကြရပြီး ၎င်းနေရာများတွင် လူနာများပြည့်နှက်နေသည်ကို တွေ့ကြရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဂါဇာမြို့အတွင်း Al Shifa ဆေးရုံ၌ အခြေအနေမှာ လုံးဝတုန်လှုပ်ချောက်ချားဖွယ်ဖြစ်နေရကြောင်း ပြောကြားခဲ့သည်။ ဂါဇာဒေသတောင်ပိုင်း ရာဖာမြို့အတွင်းတွင်လည်း အစာရေစာ ငတ်ပြတ် ဆာလောင်နေကြသော ပါလက်စတိုင်းများက အထောက်အပံ့များသယ်ဆောင်လာသော ထရပ်ကားများထံ ရေနှင့်အစာရေစာများ လာရောက်လုယူနေကြသည်ကို တွေ့ရသည်။
အောက်တိုဘာ ၇ ရက်မှစ၍ စစ်ပွဲအတွင်း ဂါဇာဒေသ၌ ပါလက်စတိုင်း ၁၈,၇၈၇ ဦး သေဆုံးခဲ့ရပြီး အစ္စရေးဘက်မှ ၁,၁၄၀ ဦး သေဆုံးခဲ့ကြောင်းသိရသည်။ ထို့ပြင် ဂါဇာဒေသလူဦးရေ၏ ၈၀ ရာခိုင်နှုန်းဖြစ်သော ပြည်သူ ၁ ဒသမ ၉ သန်းခန့်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။
Ref- Al Jazeera