October 19, 2024

၁၈. ၁၂. ၂၀၂၃
Written by Pan Ei

ထိုင်း – မြန်မာနယ်စပ် ချင်းရိုင်မြို့ မယ်ဖလွမ်ခရိုင်မှာ မြန်မာနယ်စပ်အနီး မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ဆင်ရေးတစ်ခု စနေနေ့ညက ဖြစ်ပွားခဲ့ရာ မူးယစ်ဆေးဝါး မှောင်ခို သယ်ဆောင်သူ ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဖာမွန်းတပ်ဖွဲ့ တပ်မှူး ပရာဖက် ဖော့ဆွမ် က မနေ့ (ဒီဇင်ဘာလ ၁၇ ရက်) က ပြောကြားခဲ့ပါတယ်။

ဖာမွန်းတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်း အခင်းဖြစ်ပွားရာနေရာမှာ စိတ်ကြွဆေးပြား ၁ သိန်းခန့်ပါတဲ့ အိတ် ၁၇ လုံး စုစုပေါင်း စိတ်ကြွဆေးပြား ၁ ဒသမ ၇ သန်းခန့်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ ည ၇ နာရီလောက်မှာ မြန်မာနိုင်ငံဘက်ကနေ နယ်စပ်ဖြတ်ကျော်လာတဲ့ လူတစ်စုက တောအုပ်ထဲ ဖြတ်သွားနေတာကို ထိုင်းစစ်သားတွေက သတိထားမိပြီး ရှာဖွေဖို့ ဆုံးဖြတ်ကာ ထိပ်တိုက်ရင်ဆိုင်မှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလူတစ်စုက စတင်ပစ်ခတ်ခဲ့တာကြောင့် ထိုင်းစစ်သားတွေကလည်း သေနတ်နဲ့ လက်တုံ့ပြန်ခဲ့ရခြင်းဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆာရက်သာ သက်ဗီဆင်ကလည်း ထိုင်း- မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်က တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုသယ်ဆောင်မှု တားဆီးနှိမ်နှင်းရေးကို အရှိန်အဟုန်ပြင်းပြင်း ဆောင်ရွက်ဖို့ ထိုင်းစစ်တပ်ကို ဒီဇင်ဘာ ၅ ရက်က ညွှန်ကြားခဲ့ပါသေးတယ်။

Ref; The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *