၂၄. ၁၁. ၂၀၂၂
Written by Min Ma Har
MNPDF အမျိုးသမီးပြောက်ကျားအထူးတပ်ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များက အမရပူရမြို့နယ်မှ ရာအိမ်မှူးတစ်ဦးနှင့် CDM မီးရထားဝန်ထမ်းတစ်ဦး အမျိုးသားနှစ်ဦးကို နှစ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု တရားဝင်ထုတ်ပြန်ထားသည်။
နိုဝင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက်နေ့များတွင် အမရပူရမြို့နယ်၊ ဥယျဉ်တော်ကျေးရွာအုပ်စု၌ ရာအိမ်မှူးနှစ်ဦးကို နှစ်ရက်ဆက်တိုက် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အဆိုပါသတ်ဖြတ်မှုများကို MNPDF အမျိုးသမီးပြောက်ကျားအထူးတပ်ဖွဲ့နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံထားသည်။
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာအုပ်စုတွင် နေထိုင်နေသော မီးသတ်တပ်စုမှူးလည်းဖြစ်သော ရာအိမ်မှူး ဦးသိန်းမင်းထွန်းကို ပြည်သူ့စစ်ဟု စွပ်စွဲကာ နိုဝင်ဘာလ ၂၂ ရက်က သေနတ် ၇ ချက်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် နိုဝင်ဘာ ၂၃ ရက်တွင်လည်း ၎င်းကျေးရွာအုပ်စု၊ သရက်တန်းကျေးရွာ၌ နေထိုင်သူ CDM ပြုလုပ်ထားသော မီးရထားစက်ရုံဝန်ထမ်းဟောင်းတစ်ဦးဖြစ်သည့် ဦးမင်းမင်းဆွေကို ဒလန်ဟုစွပ်စွဲကာ သေနတ် ၁၁ ချက်ဖြင့်ပစ်ခတ်ပြီး သတ်ဖြတ်ခဲ့သည်ဟုလည်းကောင်း မြစ်ငယ် MN PDF အဖွဲ့မှ အသီးသီးထုတ်ပြန်ထားသည်ကို တွေ့ရသည်။
၎င်းသတ်ဖြတ်မှုများကို မြစ်ငယ် MN PDF အမျိုးသမီးပြောက်ကျားတပ်ဖွဲ့ ၊ နောင်ရိုးအထူးပြောက်ကျားတပ်နှင့် ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီးလုပ်ဆောင်ထားသည်ဟုလည်း ဖော်ပြထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက် တန်ဆောင်မုန်းလပြည့်နေ့ကလည်း အမရပူရမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ဒုတပ်ကြပ် သူရအောင် ကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ၎င်းထံမှပါလာသည့် 9mm ကျည် (၉၁) တောင့်၊ ပိုက်ဆံ (၈၇,၇၀၀) ကျပ်၊ ဖုန်းတစ်လုံးနှင့် လက်စွပ်တစ်ကွင်းကို သိမ်းဆည်းခဲ့သည်ဟုလည်း ဓာတ်ပုံနှင့်တကွ MN PDFအဖွဲ့က ထုတ်ပြန်ခဲ့သည်။