◾ယခုဘဏ္ဍာနှစ်တွင် အထည်ချုပ်နှင့် သဘာဝဓာတ်ငွေ့တို့ကို အများဆုံးတင်ပို့နိုင်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများသို့ ပို့ကုန်အများဆုံး တင်ပို့ထား
၁၆. ၁၂. ၂၀၂၃
Written by Ye Kyaw
လက်ရှိဘဏ္ဍနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ချုပ်ပြီးအထည် (အထည်ချုပ်)နှင့် သဘာဝဓာတ်ငွေ့တို့ကို အများဆုံးတင်ပို့ထားပြီး ပို့ကုန်တင်ပို့မှု အများဆုံးနိုင်ငံများမှာ ထိုင်းနှင့် တရုတ်နိုင်ငံတို့ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ အဓိကပို့ကုန် ၁၀ မျိုး စာရင်းတွင် ချုပ်ပြီးအထည်(အထည်ချုပ်) တင်ပို့မှု ဒေါ်လာ ၂ ဒသမ ၉၆၆ ဘီလျံဖြင့် အများဆုံးဖြစ်ပြီး သဘာဝဓာတ်ငွေ့ တင်ပို့မှု ဒေါ်လာ ၂ ဒသမ ၂၂၀ ဘီလျံဖြင့် ဒုတိယအများဆုံးဖြစ်သည်။
အဆိုပါ ပို့ကုန်နှစ်ခုနောက်တွင် မတ်ပဲတင်ပို့မှု ဒေါ်လာသန်း ၄၇၀ ကျော်၊ ဆန်နှင့်ဆန်ကွဲတင်ပို့မှု ဒေါ်လာသန်း ၃၈၀ ခန့်၊ ပြောင်းတင်ပို့မှု ဒေါ်လာသန်း ၂၇၀ ကျော်၊ ငါးတင်ပို့မှု ဒေါ်လာသန်း ၂၂၀ ကျော်၊ ပဲတီစိမ်းတင်ပို့မှု ဒေါ်လာ ၁၈၅ သန်းကျော်၊ ရော်ဘာစိမ်းတင်ပို့မှု ဒေါ်လာသန်း ၁၂၀ ကျော်၊ ပဲစဉ်းငုံတင်ပို့မှု ဒေါ်လာသန်း ၁၀၀ ကျော်၊ သတ္တုနှင့် သတ္တုရိုင်းများ တင်ပို့မှု ဒေါ်လာသန်း ၈၀ နီးပါးဖြင့် အစဉ်လိုက် ရပ်တည်နေခြင်းဖြစ်သည်။
ထို့ပြင် အဆိုပါကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ပို့ကုန်အများဆုံး တင်ပို့ထားသည့် နိုင်ငံ ၁၀ နိုင်ငံစာရင်းတွင် ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၂ ဒသမ ၄၇၂ ဘီလျံဖြင့် အများဆုံးဖြစ်ပြီး တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၁ ဒသမ ၉၃၁ ဘီလျံဖြင့် ဒုတိယအများဆုံး တင်ပို့ထားခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများသို့ ပို့ကုန်အများဆုံး တင်ပို့ထားနိုင်ခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံသည် ဒေါ်လာသန်း ၇၈၀ ကျော်ဖြင့် တတိယ၊ အိန္ဒိယနိုင်ငံသည် ဒေါ်လာသန်း ၅၇၀ ကျော်ဖြင့် စတုတ္ထနှင့် အမေရိကန်နိုင်ငံသည် ဒေါ်လာ ၄၁၂ သန်းကျော်ဖြင့် ပဥ္စမအများဆုံးဖြစ်သည်။ ယင်းနိုင်ငံများနောက်တွင် ဂျာမနီနိုင်ငံသည် ဒေါ်လာ ၃၅၆ သန်းကျော်၊ စပိန်နိုင်ငံသည် ဒေါ်လာသန်း ၃၂၀ ကျော်၊ ပိုလန်နိုင်ငံသည် ဒေါ်လာ ၃၁၆ သန်းကျော်၊ တောင်ကိုရီးယားနိုင်ငံသည် ဒေါ်လာသန်း ၂၆၀ သန်းကျော်၊ ဗြိတိန်သည် ဒေါ်လာသန်း ၂၂၀ ကျော်ဖြင့် အစဉ်လိုက် ပို့ကုန်အများဆုံး တင်ပို့ထားသည့် နိုင်ငံများဖြစ်သည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ပို့ကုန်အများဆုံးတင်ပို့ထားသည့် နိုင်ငံ ၁၀ နိုင်ငံစာရင်းတွင် အမေရိကန်အပါအဝင် ဥရောပနိုင်ငံ ၅ နိုင်ငံအထိ ပါဝင်ခဲ့ပြီး အဆိုပါ ၅ နိုင်ငံသို့ ပို့ကုန်တင်ပို့မှု ပမာဏ ဒေါ်လာ ၁ ဒသမ ၆ ဘီလျံရှိကာ စုစုပေါင်း ပို့ကုန်ပမာဏ၏ ၁၆ ရာခိုင်နှုန်း ဝန်းကျင်အထိရှိကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
လက်ရှိဘဏ္ဍာနှစ် ၈ လကျော်တွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၉ ဒသမ ၈၈၅ ဘီလျံသာရှိပြီး ယခင်နှစ်ကာလတူတွင် ပို့ကုန်တင်ပို့မှု ဒေါ်လာ ၁၁ ဘီလျံကျော်ရှိခဲ့သည့်အတွက် လက်ရှိဘဏ္ဍာနှစ်သည် ယခင်နှစ်ထက် ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၁ ဘီလျံကျော် လျော့ကျလျက်ရှိကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။