October 19, 2024

၁၅. ၁၂. ၂၀၂၃

Written by Nay Moe

ဗိုလ်တထောင်၊ ဒေါပုံနဲ့ ရန်ကုန်မြို့နယ်အချို့ကို PDF တွေက ဒီညမှာ ဗုံးလိုက်ခွဲနေတယ်လို့ သိရပြီး ဒီလိုဖောက်ခွဲတိုက်ခိုက်မှုတွေမှာ သာမန်လက်လုပ်လက်စားပြည်သူတွေ ဗုံးစထိမှန်ဒဏ်ရာရခဲ့တယ်လို့လည်း ကနဦးသတင်းတွေအရ သိရပါတယ်။

လက်ရှိအချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားတယ်ဆိုတဲ့မြို့နယ်တွေက ဗိုလ်တထောင်၊ အလုံ၊ ဒေါပုံ၊ မင်္ဂလာဒုံ၊ တာမွေ ငါးမြို့နယ်လို့ သိရပါတယ်။

ဗိုလ်တထောင်မြို့နယ်မှာ (၆) ရပ်ကွက်၊ ကုန်သည်လမ်းပေါ်က မြို့နယ်တရားရုံးရှေ့မှာ ဒီည ၇ နာရီက လမ်းဘေးစည်ပင် အမှိုက်ပုံးအတွင်းကပေါက်ကွဲခဲ့တာဖြစ်ပြီး စည်ပင်ဝန်ထမ်းတွေ အမှိုက်သိမ်းချိန်ပေါက်ကွဲခဲ့တဲ့အတွက် စည်ပင်လုပ်သား ကိုကျော်မောင်နဲ့ မောင်ဇော်တို့ ရင်ဘတ်၊ လက်၊ ခြေထောက် ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) တွေရခဲ့လို့ ရန်ကုန်အရှေ့ပိုင်းခရိုင်ပြည်သူ့ဆေးရုံမှာ ကုသပေး​နေရပါတယ်။

ဒေါပုံမြို့ နယ်၊ ကြည်စုရပ်ကွက်၊ သမ္မာစိတ္တ (၁) လမ်းမှာ ဒီည ၆ နာရီ ၅၀ မိနစ်အချိန်က လမ်းဘေးမှာ ပေါက်ကွဲမှုမှာ လမ်းလျှောက်လာတဲ့ ကျပမ်းလုပ်သား ကိုလမင်းနဲ့ ကိုဝင်းမြင့်အောင်တို့ လက်နဲ့ပေါင် စုတ်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းက ဆောက်လုပ်ဆဲ Best Western ဟိုတယ်အတွင်းမှာလည်း ဒီည ၇ နာရီ ၁၅ မိနစ်အချိန်မှာ ဟိုတယ်အတွင်းက Bluetooth ဆောင်းဘောက်စ်အတွင်းကနေ ပေါက်ကွဲတာကြောင့် ကိုရဲမင်းနိုင် (လုံခြုံရေးဝန်ထမ်း) မှာ ဗုံးစထိမှန် (စိုးရိမ်ရ)၊ မတင်မိုးဝင်းမှာ ခြေထောက်နဲ့ တင်ပါးပေါက်ပြဲဒဏ်ရာ (စိုးရိမ်ရ)၊ ညစောင့် ကိုသူရအေးမှာ ယာခြေထောက်နဲ့ နဖူးပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ)၊ လုံခြုံရေးဝန်ထမ်းတွေဖြစ်တဲ့ ကိုစိုးဝင်းနိုင်နဲ့ ကိုစိုးလွင်ဦးမှာ ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) တွေရခဲ့တယ်လို့ News Of Myanmar (NOM)မှာ ဖော်ပြထားပါတယ်။

တာမွေမှာတော့ အပြင်းစားမိုင်းတစ်လုံးတွေ့ရှိ့လို့ ဖောက်ခွဲခဲ့ရတယ်သိရပြီး မင်္ဂလာဒုံအပါအဝင် ဒဂုံဆိပ်ကမ်း၊ ကြည့်မြင်တိုင်၊ မြောက်ဒဂုံစတဲ့ တခြားမြို့နယ်တွေမှာလည်း ပေါက်ကွဲမှုဖြစ်တယ်လို့ PDF Scout တွေဖော်ပြနေတာကြောင့် ထပ်မံသိရှိရတဲ့ ပေါက်ကွဲမှုဖြစ်စဥ်တွေကို ဆက်လက်တင်ပြပေးပါ့မယ်။

Leave a Reply

Your email address will not be published. Required fields are marked *