October 19, 2024

◾တိုက်ပွဲနှင့် ပဋိပက္ခဒဏ်ကို ယင်းဒေသနေထိုင်သူများက အဓိကခံစားရပြီး ဝေဖန်သူများမှာ ပြည်ပထွက်ပြေးကာ အရိပ်ထဲမှ အော်နေ

၁၅. ၁၂. ၂၀၂၃

Written by Zaw Moe

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများအပေါ် မည်သည့်ဝေဖန်မှုများ ရှိနေသည်ဖြစ်စေ မြန်မာနိုင်ငံ၏ ကောင်းကျိုးနှင့် ပြည် တွင်းငြိမ်းချမ်းရေးကို လိုလားသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ရေးကောင်စီ (SAC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကူညီထောက်ပံ့ပေးနေပြီး မြန်မာ နိုင်ငံရှိ အဖွဲအစည်းများကြား ဆက်သွယ်ကာ တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်လာစေရန် ကူညီထောက်ပံ့ပေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူ မော်နင်းက ယမန်နေ့တွင် ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများကို မလိုလားသည့် အနောက်အုပ်စုအားပေး မီဒီယာများနှင့် အဖွဲ့များအနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံလုံးကို ဝေဖန်တိုက်ခိုက်မှုများ ယနေ့တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ‌အပေါ်မှာရော၊ တရုတ်နိုင်ငံအပေါ်မှာရော ဝေဖန်မှုပြင်းပြင်းထန်ထန်တွေ လုပ်နေတာကို တွေ့ရပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ပြောပြီးသားဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ မြန်မာနိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှုများနဲ့ ပတ်သက်လာပြီးရင် ကျွန်တော်တို့ မြန်မာ့ကောင်းကျိုး၊ မြန်မာ့ငြိမ်းချမ်းရေးအကျိုးကို လိုလားတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ လက်တွဲဆောင်ရွက်သွားမှာဆိုတာ ပြောပြီးဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် တိုက်ပွဲများဒဏ်ကို ယင်းဒေသရှိ တိုင်းရင်းသား ပြည်သူများကသာ အဓိကခံစားနေရခြင်းကြောင့် ငြိမ်းချမ်းရေးရရှိရေးအတွက် အဓိကဦးစားပေး ဆောင်ရွက်သွားမည်ဟုလည်း ပြောသည်။

“တိုက်ပွဲတို့၊ ပဋိပက္ခတွေကို အဲဒီဒေသမှာနေထိုင်တဲ့ တိုင်းရင်းသားပြည်သူ၊ အဲဒီ‌ဒေသမှာနေတဲ့သူတွေက ပိုပြီး အနိဋ္ဌာရုံခံစားရတာဖြစ်ပါတယ်။ ပြည်ပကနေ အော်နေတဲ့ အနောက်နိုင်ငံအားကိုးပြီး ပြည်ပမှာ ထွက်ပြေးနေတဲ့သူများ အနေနဲ့ကတော့ အရိပ်ထဲကနေ အော်နေတာပဲဖြစ်ပါတယ်။ တကယ့်လက်တွေ့ ခံစားနေရတာက ကျွန်တော်တို့ ပြည်သူတွေပဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *