၁၆. ၁၂. ၂၀၂၃
Written by Pan Ei
တရုတ်နိုင်ငံမြို့တော် ဘေဂျင်းက အလုပ်ရှုပ်တဲ့အချိန် ညနေပိုင်းမှာ မြေအောက်ရထားနှစ်စင်း မြေပြင်ပေါ်ရှိ သံလမ်းအထက်ပိုင်းနေရာမှာ တိုက်မှုဖြစ်ပွားခဲ့လို့ လူ ၁၀၂ ဦး အရိုးကျိုးကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ ၁၅ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
မကြာသေးမီ ရက်ပိုင်းအတွင်းက နှင်းမုန်တိုင်းတွေ တိုက်ခတ်ခဲ့ပြီး မြို့အနှံ့ သယ်ယူပို့ဆောင်ရေး နှောင့်နှေးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ဘေဂျင်းမှာ ခုလို ဖြစ်ရပ်က ရှားပါးလွန်းလှပြီး ရာသီဥတုအခြေအနေကြောင့် အချက်ပြမှုနဲ့ အရေးပေါ်ဘရိတ်ချို့ယွင်းမှုကြောင့် ဖြစ်ရခြင်းဖြစ်တယ်လို့ ဘေကျင်းမြူနီစီပယ်ပို့ဆောင်ရေးကော်မရှင်က သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ရထားတိုက်မှု ဖြစ်ပွားပြီးနောက် စုစုပေါင်း လူ ၅၁၅ ဦးကို ကျန်းမာရေးစစ်ဆေးဖို့ ဆေးရုံကို ပို့ဆောင်ခဲ့ပြီး အဲ့ဒီထဲက ၁၀၂ ဦး အရိုးကျိုးသွားခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြခဲ့သလို အခုလက်ရှိမှာတော့ ၆၇ ဦးက ဆေးကုသမှု ခံယူနေရဆဲဖြစ်ကာ ၂၅ ဦးက ဆေးရုံမှာ အနီးကပ်စောင့်ကြည့်ခံနေရကြောင်း သိရပါတယ်။
ဆိုရှယ်မီဒီယာအသုံးပြုသူတွေ တင်ထားတဲ့ ပိုစ့်တွေအရ ရထားထဲမှာ ခရီးသည်တွေဟာ မြေပြင်ပေါ်ပြုတ်ကျတာကို တွေ့ရပြီး ခါးနာတယ်လို့ တချို့က ညည်းညူခဲ့ကြသလို ရထားထဲမှာလည်း မီးအလင်းရောင် တစ်စိတ်တစ်ပိုင်း ပြတ်တောက်သွားတာကို တွေ့ရပါတယ်။ ဒါ့အပြင် တချို့ခရီးသည်တွေကတော့ ရထားပြတင်းပေါက်တွေကို အရေးပေါ် သံတူတွေ အသုံးပြုကာ ဖောက်ထွင်းထွက်ပြေးကြတာတွေကိုလည်း ဆိုရှယ်မီဒီယာက ပုံတွေအရ သိရပါတယ်။
ရထားတစ်စင်းဟာ နှင်းချော်ကျမှုကြောင့် အရေးပေါ် ရပ်နားခဲ့ရချိန် နောက်ကနေ ရထားနောက်တစ်စင်းက ဘရိတ်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့တာဖြစ်ပြီး အဆိုပါ ဖြစ်စဉ်ကြောင့် သေဆုံးသူမရှိဘူးလို့ သိရပါတယ်။
Ref; AFP