October 19, 2024

၁၆. ၁၂. ၂၀၂၃
Written by Pan Ei

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသား စုစုပေါင်း ၁၁၁ ဦးကို ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့က ထိုင်းနိုင်ငံ မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ကနေ မနေ့က ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

တာချီလိတ်မြို့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုးက ထိုင်းနိုင်ငံသား ၁၁၁ ဦးကို ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံသားတွေ မယ်ဆိုင်မြို့ကို ရောက်ရှိချိန်မှာ ထိုင်း-မြန်မာ နယ်ခြားကော်မတီ ဥက္ကဋ္ဌ Natee Timsen နဲ့ တခြား ထိုင်းတာဝန်ရှိသူတွေက ကြိုဆိုနှုတ်ဆက်ကြပါတယ်။

မြောက်ပိုင်းက လက်နက်ကိုင်တွေနဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေတဲ့ ထိုင်းနိုင်ငံသားတွေကို ပြန်ကူညီပေးရတာကို မြန်မာဘက်က ဝမ်းမြောက်နေကြောင်း Natee က ပြောကြားခဲ့ပြီး နေရပ်ပြန်ပို့ရေးမှာ ကူညီဆောင်ရွက်ပေးခဲ့တဲ့ မြန်မာ့တပ်မတော်ကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

နေရပ်ပြန်ပို့သူ ၁၁၁ ဦးဟာ မြန်မာနဲ့ ထိုင်းစစ်တပ်ကြား ခိုင်မာတဲ့ ဆက်ဆံရေးကို ရည်ညွှန်းပြီး မြန်မာနိုင်ငံမှ ထိုင်းကို ပြန်လည်ပို့ဆောင်တဲ့ စတုတ္ထမြောက် ထိုင်းလူမျိုးအုပ်စုဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ထိုင်းနိုင်ငံက ပြန်လည်ရောက်ရှိလာသူတစ်ဦးက သူတို့ဟာ နိုင်ငံရဲ့ အရှေ့မြောက်ဒေသမှဖြစ်ပြီး ဇူလိုင်လမှာ ချင်းရိုင်မြို့ မယ်ဆိုင်ရှိ ဝက်ဘ်ဆိုတ် စီမံခန့်ခွဲသူတစ်ဦးအတွက် တစ်လကို ဘတ်ငွေ ၂၀၀၀၀ ပေးမယ်ဆိုတဲ့ အလုပ်ကြော်ငြာတစ်ခု တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် သူဟာ တာချီလိတ်မြို့ကနေ မြန်မာဘက်မှ ခေါ်ဆောင်ကာ တရုတ်ဂိုဏ်းကို ရောင်းစားခံခဲ့ရကြောင်း၊ အဆိုပါ ဂိုဏ်းဟာ လူတွေကို အွန်လိုင်းလိမ်လည်လှည့်စားခိုင်းကာ ပစ်မှတ်ကို မရောက်နိုင်ရင် အစာမစားရဘဲ ဖမ်းဆီးနှိပ်စက်ခံရတယ်လို့ ဆိုပါတယ်။

အဲ့ဒါကြောင့် သူဟာ ဂိုဏ်းအတွက် တရုတ်နိုင်ငံသား ၅၀၀ လောက်ကို ဖြားယောင်းခဲ့တယ်လို့ ပြန်လည်ရောက်ရှိလာသူက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြန်ကြားရေးနဲ့ ပြောရေးဆိုခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Kanchana Patarachoke က မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံသား ၄၁၄ ဦးကို ပြန်လည်ပို့ဆောင် ရွှေ့ပြောင်းပေးခဲ့ပြီး နိုဝင်ဘာလမှာ ၃၀၇ ဦးနဲ့ အခုလအစောပိုင်းမှာ ၁၀၇ ဦး ရွှေ့ပြောင်းပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref; Bangkok Post
Photo – The Nation

Leave a Reply

Your email address will not be published. Required fields are marked *