October 19, 2024

◼️ဟန်ဂေရီ တစ်နိုင်ငံတည်းက ယူကရိန်းအဖွဲ့ဝင်ဖြစ်ရေးဆန့်ကျင်နေ

၁၅. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင်ကျင်းပနေသော ဥရောပသမဂ္ဂအဖွဲ့ ထိပ်သီးဆွေးနွေးပွဲ၌ ဥရောပခေါင်းဆောင်များက ယူကရိန်းနိုင်ငံအား အဖွဲ့ဝင်အဖြစ် လက်ခံရေး ယူကရိန်းနှင့်အဖွင့်ဆွေးနွေးပွဲများ စတင်ပြုလုပ်ရန် သဘောတူကြောင်း ဒီဇင်ဘာ ၁၄ ရက်က ကြေညာခဲ့ကြောင်း သိရသည်။

ယူကရိန်းအား အဖွဲ့ဝင်အဖြစ်လက်ခံရေး အဖွင့်ညှိနှိုင်းဆွေးနွေးပွဲများနှင့် အဖွဲ့ဝင်ဖြစ်လာရေးတို့အတွက် လုပ်ငန်းစဉ်မှာ နှစ်ပေါင်းများစွာကြာနိုင်သေးသော်လည်း ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်စကီးကမူ ထိုသဘောတူညီချက်ကို ယူကရိန်းနိုင်ငံ၏ အောင်ပွဲအဖြစ်လည်းကောင်း၊ ဥရောပတိုက်၏အောင်ပွဲအဖြစ် လည်းကောင်း ကြိုဆို ဂုဏ်ပြုခဲ့သည်။

ထိပ်သီးဆွေးနွေးပွဲ သဘာပတိအဖြစ်ဆောင်ရွက်နေသော ချားလ်စ် မစ်ချယ်ကလည်း ထိုသဘောတူညီချက်အား ယူကရိန်းပြည်သူများနှင့် ဥရောပတိုက် မျှော်လင့် ချက်ကိုပြသသော ပြတ်သားသည့်လက္ခဏာအဖြစ် ပြောကြားခဲ့သည်။ ၎င်းက မတ်လအတွင်း ဥရောပခေါင်းဆောင်များသို့ အစီရင်ခံစာတစ်ရပ်မပြုလုပ်မီ ညှိနှိုင်းဆွေးနွေးပွဲများ စတင်သွားမည်ဟုလည်း ပြောခဲ့သည်။

ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာသော ဟန်ဂေရီနိုင်ငံဝန်ကြီးချုပ် ဗစ်တာအော်ဗန်ကမူ ကျန်ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၆ နိုင်ငံက ကြေညာထားသော ယူကရိန်းနိုင်ငံအား အဖွဲ့ဝင်အဖြစ်လက်ခံရေး ညှိနှိုင်းဆွေးနွေးပွဲများ စတင်ပြုလုပ်သွားမည်ဟူသောအချက်နှင့် ယူကရိန်းနိုင်ငံ ကြွေးမြီအခက်အခဲမှကင်းရှင်းစေရန် ယူရိုငွေ ဘီလျံ ၅၀ (အမေရိကန် ဒေါ်လာ ၅၄ ဘီလျံ) ကို ငွေကြေးအထောက်အပံ့ပေးရန်ဟူသည့် နှစ်ချက်စလုံးကို သ‌ဘောမတူ ငြင်းဆန်သွားမည်ဟု ပြောခဲ့သည်။ ၎င်းက “ဥရောပသမဂ္ဂအနေနဲ့ ဆိုးရွားတဲ့အမှားအယွင်းတစ်ရပ် ပြုမိနေတယ်လို့ပြောချင်တယ်။ ကျန်တဲ့ ၂၆ နိုင်ငံက သဘောတူလုပ်ဆောင်နေဦးတော့၊ ကျွန်တော်တို့ကတော့ ဆန့်ကျင်သွားမယ်” ဟု ပြောခဲ့သည်။

အော်ဗန်က ယူကရိန်းနိုင်ငံတွင် အဂတိလိုက်စားမှုကို ထိန်းချုပ်မရနိုင်ဖြစ်နေရကာ ရုရှားနှင့်ဖြစ်ပွားနေသော စစ်ပွဲနွံအတွင်းနစ်နေရခြင်းနှင့် ၂၀၂၄ ခုနှစ် အမေရိကန်တွင် မည်ကဲ့သို့သော အစိုးရတက်လာမည်ကို စိုးရိမ်နေရခြင်းနှင့်အတူ ယူကရိန်းနိုင်ငံ၏ ဥရောပတွင် အနာဂတ်ကို မဟာဗျူဟာမြောက်ဆွေးနွေးမှု ပြုကြရန်တောင်းဆိုခဲ့သည်။

Ref——AP

Leave a Reply

Your email address will not be published. Required fields are marked *