October 19, 2024

၁၅. ၁၂. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံတွင် ပေါက်ကွဲစေသောပစ္စည်းနှင့် မြေမြှုပ်မိုင်းပေါက်ကွဲမှုများသည် မြင့်တက်လျက်ရှိနေပြီး ၂၀၂၃ ခုနှစ် ပထမ ၉ လအတွင်းတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေသောပစ္စည်းများကြောင့် သေဆုံးသူ ၁၅၃ ဦး ဒဏ်ရာရသူ ၇၀၃ ဦး၊ စုစုပေါင်း ၈၅၈ ဦး သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း UNICEF ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ပထမ ၉ လအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေသောပစ္စည်းများကြောင့် သေဆုံး၊ ဒဏ်ရာရသူအရေအတွက်သည် ပြီးခဲ့သောနှစ်ပထမ ၉ လနှင့်နှိုင်းယှဉ်လျှင် ၂၂၀ ရာခိုင်နှုန်းအထိ များစွာမြင့်တက်လာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ပထမ ၉ လအတွင်း ဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းနှင့်အခြားပေါက်ကွဲစေသောပစ္စည်းများ ပေါက်ကွဲမှု အများဆုံးဖြစ်ပွားခဲ့သောဒေသများတွင် စစ်ကိုင်းတိုင်းဒေသကြီးက ထိပ်ဆုံး၌ ဦးဆောင်နေပြီး ရှမ်းနှင့် ပဲခူးတိုင်းတို့က ဒုတိယနှင့် တတိယနေရာတွင် ရှိနေသည်။ ၂၀၂၃ ခုနှစ် ပထမကိုးလအတွင်းဖြစ်ပွားခဲ့သော မြေမြှုပ်မိုင်းပေါက်ကွဲမှု အားလုံး၏ ၃၇ ရာခိုင်နှုန်းက စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့ပြီး ၃၁ ဦးသေဆုံးကာ ၂၆၈ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထို့အပြင် ရှမ်းပြည်နယ်က ၁၂ ရာခိုင်နှုန်းနှင့် ပဲခူးတိုင်းက ၁၀ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။ မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေသော ပစ္စည်းများကြောင့် သေဆုံး၊ဒဏ်ရာရသူများအားလုံး၏ ၂၂ ရာခိုင်နှုန်းက ကလေးငယ်များဖြစ်ကြောင်း UNICEF ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဧရာဝတီ၊ ချင်း၊ ကချင်၊ ကယား၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်၊ တနင်္သာရီ၊ ရန်ကုန်တိုင်းဒေသများတွင်လည်း မြေမြှုပ်မိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားလာခဲ့ခြင်းနှင့်အတူ မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေသောပစ္စည်းများပေါက်ကွဲမှု အခြေအနေများလည်း မြင့်တက်နေကြောင်း သိရသည်။

Ref UNICEF

Leave a Reply

Your email address will not be published. Required fields are marked *