October 19, 2024

တရားမဝင်ကုန်သွယ်မှုများတွင် တာဝန်ကျဝန်ထမ်းများ ပါဝင်ပတ်သက်နေသည်ကို ကြားသိနေရ၍ ထိထိရောက်ရောက် အရေးယူရန် SAC ဒုတိယ ဥက္ကဋ္ဌ အထူးမှာကြား

၁၅. ၁၂. ၂၀၂၃
Written by Tha Doe

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ဖမ်းဆီးရမိမှုများအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ဖမ်းဆီးရမိ အမှုတွဲ ၄၂၃၂ မှု၊ ခန့်မှန်းတန်ဖိုးငွေ ကျပ် ၆၅ ဒသမ ၀၅၆ ဘီလျံနှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ ဖမ်းဆီးရမိ အမှုတွဲ ၅၇၅၃ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၇ ဒသမ ၄၄၇ ဘီလျံတို့ဖြစ်ပြီး တာဝန်ယူခဲ့သည့် ၂၃ လ ကာလအတွင်း ဖမ်းဆီးရမိ အမှုတွဲပေါင်း ၉၉၈၅ မှုနှင့် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၂ ဒသမ ၅၀၃ ဘီလျံဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက် ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

ပြည်ပနိုင်ငံများတွင် စက်မှုထုတ်ကုန်ချောများ စျေးကွက်လိုအပ်ချက်နှင့်အညီ အမြောက်အများ ထုတ်လုပ်ကြသည့် အတွက် ပစ္စည်းတစ်ခုချင်း၏ ကုန်ကျမှုတန်ဖိုးအနေဖြင့် ပိုမိုသက်သာမှုရှိသည်ကို တွေ့ရှိရပြီး မိမိနိုင်ငံအတွင်း ထုတ်လုပ်သည့် စက်မှုထွက်ကုန်ချောများအနေဖြင့် ထုတ်လုပ်နိုင်မှုအားနည်းချက်၊ ကန့်သတ်ချက် များရှိခဲ့ပါက ပစ္စည်းတစ်ခုချင်း၏ ကုန်ကျစရိတ် တန်ဖိုးအ‌နေဖြင့် စျေးနှုန်းကြီးမြင့်ပြီး ပြည်ပက တရားမဝင် တင်သွင်းလာမှုများကို ယှဉ်ပြိုင်နိုင်မှုမရှိဘဲ စက်မှုဇုန် ကုန်ထုတ် လုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ ရှိလာနိုင်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

ထို့ကြောင့် ပြည်တွင်းသုံးအပြင် ထုတ်လုပ်ကုန်ချောပစ္စည်းများကို ပို့ကုန်အဖြစ်တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပက တရားမဝင်ကုန်ချောပစ္စည်းများ တင်သွင်းလာမှုကိုလည်း စနစ်တကျ တားဆီးစစ်ဆေး အရေးယူရမည်ဖြစ်ပြီး ပြည်တွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ပြည်ပမှ ကုန်ချောတင်သွင်းမှုများကို သက်ဆိုင်ရာဌာနများက အခွန်နှုန်းထားများ မြှင့်တင်တားမြစ်ခြင်းနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများဖြင့် လိုက်လျောညီထွေရှိသည့် တားဆီးမှုများကို စနစ်တကျဆောင်ရွက်ရန်လိုကြောင်းလည်း ပြောကြားသည်။

တရားမဝင် ကုန်သွယ်မှုများကြောင့် နိုင်ငံအတွက် ရရှိမည့် အခွန်အခများ ဆုံးရှုံးခြင်း၊ ကုန်သွယ်မှုဆိုင်ရာ စာရင်းဇယား ကိန်းဂဏန်း အချက်အလက်များ မှားယွင်းနိုင်ပြီး ဆုံးဖြတ်ချက်များ မှားယွင်းနိုင်ခြင်း၊ နိုင်ငံတော်ဘဏ်စနစ်နှင့် ငွေကြေးစီးဆင်းမှုစနစ် ထိခိုက်စေနိုင်ပြီး နိုင်ငံခြားငွေကြေးဈေးနှုန်း မတည်ငြိမ်မှု ဖြစ်ပေါ်နိုင်ခြင်း၊ တရားမဝင် တင်သွင်းလာသည့် ကုန်စည်များကြောင့် ပြည်တွင်းကုန်စည်ထုတ်လုပ်မှုများ ဈေးကွက်ယှဉ်ပြိုင်နိုင်မှု ကျဆင်းလာနိုင်ခြင်း၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ လျော့နည်းကျဆင်းစေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးနိုင်ခြင်း၊ တရားမဝင် တင်သွင်းလာသည့် ဆေးနှင့်ဆေးပစ္စည်းများ၊ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်း များတွင် အတုအပများ၊ သက်တမ်းလွန် ကုန်စည်များကြောင့် သုံးစွဲသူ ပြည်သူများ ထိခိုက်နစ်နာမှု ဖြစ်ပေါ်နိုင်ခြင်း စသည့် ဆိုးကျိုးများအပြင် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကို ထိခိုက်ကျဆင်းစေနိုင်သောကြောင့် တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် “ အမျိုးသားရေးတာဝန် ” တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

ယခင်ကျင်းပခဲ့သည့် (၅/၂၀၂၃)ကြိမ်မြောက် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းအစည်းအဝေးနောက်ပိုင်း ယနေ့အချိန်ထိ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့က ဖော်ထုတ်ရရှိသည့် သတင်းအရ ခဲသတ္တုများကို တရားမဝင် တူးဖော်ပြီး ပြည်ပတင်ပို့နေမှုများကို ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ခဲသတ္တုတန်ချိန် ၁၂၃ ဒသမ ၉၀၄ တန်၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဒသမ ၇၁၇ ဘီလျံကို ဖမ်းဆီးနိုင်ခဲ့ပြီး အကောက်ခွန်ဦးစီးဌာနကလည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် စင်ကာပူနိုင်ငံမှလာသည့် လေယာဉ်တွင်လိုက်ပါလာသော ခရီးသည် ၃ ဦးကို သတင်းအရ စောင့်ကြည့်စိစစ်ရှာဖွေခဲ့ရာ ရွှေ ၁၆ ကီလိုဂရမ်၊ အမေရိကန်ဒေါ်လာ ၁၂၀,၀၀၀ ၊ iPhone ၂၅၉ လုံး၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဒသမ ၉၄၆ ဘီလျံကျော် ဖမ်းဆီးရမိခဲ့သည့် ထူးထူးခြားခြား ဖြစ်စဉ်များကို တွေ့ရကြောင်း၊ ထို့ပြင် အိန္ဒိယနိုင်ငံ အကောက်ခွန်က မြန်မာအကောက်ခွန်ဌာနသို့ သတင်းပေးပို့မှုကြောင့် ရန်ကုန်လေဆိပ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည်မှာ ၂ ကြိမ်ရှိပြီ ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံအချင်းချင်း၊ ဌာနဆိုင်ရာအချင်းချင်း သတင်းဖလှယ်ပြီး ဖော်ထုတ်ဖမ်းဆီးနိုင်မှုများစွာ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် မူးယစ်ဆေးဝါးနှင့် လက်နက်များတရားမဝင်ကုန်သွယ်မှုကို

နိုင်ငံအချင်းချင်း၊ ဌာနဆိုင်ရာအချင်းချင်း သတင်းဖလှယ် ဆက်လက်ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်းလည်း SAC ဒုတိယ ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အပြင် ကုန်သည်လုပ်ငန်းရှင်များ၌လည်း ရိုးရိုးသားသား၊ မှန်မှန်ကန်ကန် ကုန်သွယ်နေသည့် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အချိန်အတွယ်မှန်နှင့် ကူးသန်းရောင်းဝယ်နေသည့် သူများရှိသကဲ့သို့ မတော်လောဘနှင့် ဝိသမစီးပွားရေးသမား များလည်း အထင်အရှား ရှိနေသည်ကို စားသုံးဆီနှင့်စက်သုံးဆီ တင်သွင်းသည့်ကုမ္ပဏီများကို စစ်ဆေးသည့်အခါတွင် အရေးယူဆောင်ရွက်ရသည့် ကိစ္စများပေါ်ပေါက်လာသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင် ပြည်သူများအပေါ် မတော် လောဘနှင့် အမြတ်တင် ရောင်းချခဲ့သည့် ကုမ္ပဏီတချို့ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း၊ တိုင်းဒေသကြီး၊ပြည်နယ်အလိုက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများ၊ OSS ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ကျဝန်ထမ်းများကို တရားမဝင်ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်မှု မရှိစေရေး၊ ငွေကြေး တောင်းခံမှုများ မရှိစေရေး၊ လာဘ်ပေးလာဘ်ယူမှုများမရှိစေရေး တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရန် အကြိမ်ကြိမ်မှာကြားခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော်လည်း တာဝန်ကျဝန်ထမ်းများအနေဖြင့် တရားမဝင်ကုန်သွယ်မှုများတွင် ငွေကြေးရယူပြီး ဖြတ်သန်းခွင့်ပြုခြင်း၊ တရားမဝင်ကုန်စည်များ ပါ၊ မပါကို မျက်ကွယ်ပြုပြီး လာဘ်ငွေရယူ စေလွှတ်ခွင့်ပြုခြင်း၊ တရားမဝင်ကုန်စည်များ တင်ဆောင်လာသည်ကို သိရှိလျက်နှင့် ဖမ်းဆီးအရေးယူခြင်းမပြုဘဲ ငွေကြေးရယူပြီး လွှတ်ပေးခြင်း၊ တားဆီးစစ်ဆေးရာတွင် တရားမဝင်ကုန်စည်များ တွေ့ရှိသော် လည်း တန်ဖိုးနည်းကုန်စည်အချို့ကိုသာ ဟန်ပြဖမ်းဆီးအရေးယူခြင်း စသည့် နည်းမျိုးစုံနှင့် ပတ်သက်နေသည်ဟု သတင်းများကို ကြားသိနေရကြောင်း၊ ယင်းကို တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်ကြပ်မတ်မတ်စစ်ဆေးပြီး ထိထိရောက်ရောက် အရေးယူကြရန် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများ၊ OSS ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ကျဝန်ထမ်းများနှင့် အုပ်ချုပ်သူများကို အထူးမှာကြားလိုကြောင်းလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *