October 30, 2024

၂၄-၁၁-၂၀၂၂
Written by Pan Ei

ဂလေဇာမိသားစုဟာ ကမ္ဘာအကြီးဆုံး ဘောလုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ရောင်းချတော့မယ်ဆိုတဲ့ သတင်းတွေဟာ ဒီရက်ပိုင်းအတွင်းမှာ ဟိုးတလေးကျော်ကျော် ဖြစ်နေပါတယ်။

ဒီသတင်းတွေ ထွက်ပြီးတဲ့နောက်မှာ ရလဒ်အနေနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ရှယ်ယာစျေးနှုန်းဟာ ၁၇ ရာခိုင်နှုန်းအထိ ချက်ချင်းမြင့်တက်ခဲ့ပြီး ကလပ်ရဲ့ စျေးကွက်အရင်းအနှီးကလည်း ကန်ဒေါ်လာ သန်း ၄၀၀ (ပေါင် ၃၃၆.၄ သန်း) နီးပါး များလာခဲ့တယ်လို့ ဘောလုံးဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူ Kieran Maguire က ပြောကြားခဲ့ပါတယ်။

၂၀၀၅ ခုနှစ်မှာ ပေါင်သန်း ၇၉၀ (ဒေါ်လာ ၁.၃၄ ဘီလီယံ) နဲ့ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူခဲ့တဲ့ ဂလေဇာ မိသားစုဟာ ၁၇ နှစ်ကြာပြီးတဲ့နောက်မှာတော့ ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီး အမှုဆောင်တွဲဖက်ဥက္ကဋ္ဌနဲ့ ဒါရိုက်တာများဖြစ်ကြတဲ့ Avram Glazer နှင့် Joel Glazerတို့က အသင်းအတွက် မဟာဗျူဟာမြောက်တဲ့ လုပ်ငန်းစဉ်တွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး လုပ်ငန်းစဉ်ထဲမှာ အသင်းရဲ့ရှယ်ယာကို တစ်စိတ်တစ်ပိုင်းရောင်းချတာကနေ အသင်းကို အပြီးအပိုင်ရောင်းချတာအပြင် အသင်းအတွက် ရင်းနှီးမြုပ်နှံမှုရှာဖွေတာနဲ့ အလားတူကိစ္စရပ်တွေလည်းပါဝင်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မကြာသေးမီ သတင်းများအရ ယူနိုက်တက်အသင်းကိုရောင်းချဖို့ ပေါင် ၅ ဘီလျံကစပြီး ၉ ဘီလျံအတွင်းရှိတဲ့ ကမ်းလှမ်းချက်တွေကို လက်ခံသွားဖို့ရှိတယ်လို ခန့်မှန်းထားကြပြီး ဂလေဇာမိသားစုအနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ရောင်းချရာမှာ အနည်းဆုံး ဒေါ်လာ ၄ ဒသမ ၆ ဘီလျံ ရရှိသင့်တယ်လို့ Forbes ကလည်း ပြောထားပါတယ်။

မန်ချက်စတာ ယူနိုက်တိုက်အသင်းကို အရောင်းစာရင်းတက်ပြီးတဲ့နောက်မှာ ဗြိတိန်ရဲ့ အချမ်းသာဆုံး ဘီလျံနာတစ်ဦးဖြစ်တဲ့ ဆာဂျင်မ် ရက်ကလစ်ဖ် (Sir Jim Ratcliffe) ဟာ မန်ချက်စတာယူနိုက်တက်ကို သိမ်းပိုက်ဖို့ အလားအလာရှိနေတယ်လို့ ခန့်မှန်းနေကြပါတယ်။

၂၀၁၀ ခုနှစ်မှာ ကလပ်ကို ဝယ်ဖို့ ပြင်ဆင်ခဲ့ဖူးပြီး ဆာဂျင်မ် ရက်ကလစ်ဖ် (Sir Jim Ratcliffe) လို ယူနိုက်တက် ပရိသတ်တစ်ဦးဖြစ်တဲ့ ရင်းနှီးမြှပ်နှံမှုဘဏ်သူဌေး Lord O’Neil ဟာလည်း ယူနိုက်တက် အသင်းကို ဝယ်ယူနိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ၂၀၁၃ ခုနှစ်ကတည်းက ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခြင်းမရှိသေးဘဲ ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက်မှာလည်း မန်နေဂျာများစွာကို ရာထူးကထုတ်ပယ်ခဲ့ပါတယ်။ မကြာသေးမီကလည်း ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အင်တာဗျုးကြောင့် လှုပ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပြီး အင်္ဂါနေ့မှာတော့ ယူနိုက်တက်အသင်းကနေ ရော်နယ်ဒို ထွက်ခွာသွားကြောင်း ကြေညာခဲ့ပါတယ်။

ဂလေဇာမိသားစုဟာ မန်ချက်စတာယူနိုက်တတ်အသင်းကို ရောင်းချဖို့အတွက် စီစဉ်နေတာက လွန်ခဲ့တဲ့လအနည်းငယ်ကတည်းကဖြစ်နိုင်ပြီး ဘာကြောင့်မြန်မြန်ဆန်ဆန်အရောင်းစာရင်းတင်တာလည်းဆိုရင် လီဗာပူးအသင်းကို ရောင်းချတော့မယ်လို့ သတင်းတွေထွက်လာတာကြောင့် မန်ယူကို ဝယ်ချင်သူတွေ လီဗာပူးဘက်ရောက်မသွားအောင် လက်ဦးမှုယူခဲ့တာပါ။ လက်ရှိမှာတော့ မန်ယူကို ဝယ်လိုသူတွေများနေတာကြောင့် ရောင်းချမှုဟာ မြန်မြန်ဆန်ဆန်အထမြောက်လာနိုင်တဲ့အပြင် ဝယ်ယူချင်နေတဲ့ လုပ်ငန်းစုတွေကလည်း အနည်းဆုံးသုံးစုရှိနေတယ်လို့လည်း နာမည်ကြီးဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Miguel Delaney က ခန့်မှန်းခဲ့သလို ဂလေဇာမိသားစုဟာ မန်ချက်စတာယူနိုက်တတ်အသင်းကို ဒေါ်လာ ၆ ဘီလျံနဲ့ ရောင်းချနိုင်ဖွယ်ရှိတယ်လို့လည်း သုံးသပ်ခဲ့ပါတယ်။

သေချာတာကတော့ Forbes သတင်းတွေအရတော့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး အားကစားအသင်းစာရင်းမှာ အဆင့် ၁၉ နေရာမှာ ဒေါ်လာ ၄ ဒသမ ၆ ရပ်တည်နေပြီး ဒီ ၁၉ သင်းမှာ မန်ယူအသင်းထက် တန်ဖိုးမြင့်တဲ့ ဘောလုံးအသင်းဆိုလို့ ရီးရဲယ်မက်ထရစ်နဲ့ ဘာစီလိုနာတို့သာ ရှိနေတဲ့ မန်ယူဟာ ချဲလ်ဆီးကို ရောင်းချခဲ့တဲ့ ပေါင် ၄ ဒသမ ၂၅ ဘီလျံထက်ပိုတဲ့ နှုန်းထားတစ်ခုနဲ့ အရောင်းအဝယ်ဖြစ်လာနိုင်တော့မှာဖြစ်ပါတယ်။

မကြာခင်ရက်ပိုင်းလပိုင်းတွေမှာ ကမ္ဘာ့အားကစားသမိုင်းမှာ အကြီးမားဆုံးဖြစ်လာမဲ့ အရောင်းအဝယ်တစ်ခုကို မြင်ကြရတော့မှာဖြစ်သလို ပရိသတ်တွေကလည်း ဂလေဇာမိသားစုလို အသင်းကနေ အကျိုးအမြတ်ရှာနေမဲ့ ပိုင်ရှင်သစ်တွေထက် အသင်းအတွက် အရာရာပုံအောပြီး အောင်မြင်မှုတွေ ဆောင်ကြဉ်းပေးမဲ့ ချဲလ်ဆီးပိုင်ရှင်ဟောင်း ရိုမန်အေဘရာမိုဗစ်ချ်လို ပိုင်ရှင်မျိုးလက်ထဲရောက်ဖို့ မျှော်လင့်စောင့်စားနေကြပါတယ်။

Ref; Forbes, Skysports, Independent

Leave a Reply

Your email address will not be published. Required fields are marked *