October 19, 2024

၁၅. ၁၂. ၂၀၂၃
Written by Pan Ei

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ Universal Studios Japan က ရိုလာကိုစတာတစ်ခုဟာ မနေ့က ဒီဇင်ဘာ ၁၄ ရက်က မောင်းနှင်နေချိန် ပြေးလမ်းတစ်ဝက်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့လို့ စီးနင်းသူ ၃၂ ဦးဟာ မြေပြင်အထက် မီတာ ၃၀ ကျော်မှာ ဇောက်ထိုးအနေအထားနဲ့ အချိန်အတော်ကြာအောင် နေခဲ့ကြရတယ်လို့ သိရပါတယ်။

Flying Dinosaur လို့ အမည်ရတဲ့ အဲ့ဒီရိုလာကိုစတာဟာ လမ်းကြောင်း ဝန်ရိုးတစ်ဝိုက်မှာ လှည့်ပတ်ကာ ဇောက်ထိုးရွေ့လျားနေချိန် အမြင့်ဆုံးမှတ်တိုင်တစ်ခုမှာ ရပ်တန့်သွားခဲ့တာဖြစ်တယ်လို့ ဂျပန်အများပြည်သူပိုင်ရုပ်သံလိုင်း NHK က ဖော်ပြခဲ့ပြီး စီးနင်းသူတွေ ဘယ် လောက်ကြာအောင် ဇောက်ထိုးနေခဲ့ရလဲဆိုတာကိုတော့ ဖော်ပြခြင်းမရှိခဲ့ပါဘူး။

အဲ့ဒီနောက် စီးနင်းသူတွေအားလုံးကို ကယ်ဆယ်ပြီး အရေးပေါ် လှေကားထစ်ကနေ ဘေးလွတ်ရာကို ခေါ်ဆောင်သွားတာကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ NHK က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရိုလာကိုစတာမှာ တပ်ဆင်ထားတဲ့ အာရုံခံကိရိယာတွေဟာ မူမမှန်မှုကို တွေ့ရှိပါက အလိုအလျောက် ရပ်တန့်သွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောကြားခဲ့ပေမယ့် မနေ့ဖြစ်စဉ်မှာရပ်တန့်ရခြင်းအကြောင်းရင်းကို အခုထိမသိရသေးပါဘူး။

၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့ကလည်း အဆိုပါ Flying Dinosaur ရိုလာကိုစတာဟာ အလားတူ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ခရီးသည်တွေ နှစ်နာရီလောက် ဇောက်ထိုးဖြစ်ခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ခဲ့ဖူးသလို ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း အမေရိကန်မှာ ရိုလာကိုစတာတစ်စီးဟာ စက်ချို့ယွင်းမှုဖြစ်ပွားခဲ့လို့ စီးနင်းခဲ့ကြသူ ရှစ်ဦးဟာ လေးနာရီလောက် ဇောက်ထိုးအနေအထားနဲ့ နေခဲ့ရတယ်လို့ သိရပါတယ်။

Ref; The Straits Times

Leave a Reply

Your email address will not be published. Required fields are marked *